လတ်တလောနိုင်ငံပေါင်း(၁၀၀)ကျော်မှာ ကူးစက်ပျံံ့နှံ့လျှက်ရှိတဲ့ Covid 19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းက စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန် အခွန်ကောက်ဖြေလျှော့တာတွေနဲ့ အတိုးနှုန်းလျှော့ချခြင်းတွေကိုဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မတ်လ၁၆ ရက်ညပိုင်းက COVID-19ရောဂါနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
Photo- Myanmar State Counsellor Office
COVID- 19 ရောဂါနဲ့ ပတ်သက်လို့ စီးပွါးရေးထိခိုက်မှုအများဆုံးဖြစ်နိုင်တဲ့ လုပ်ငန်းတွေကို သက်သာတဲ့အတိုးနှုန်းတွေနဲ့ ချေးငွေတွေကို အခွန်ကင်းလွတ်ခွင့်ရအောင် စီမံပေးသွားမယ်လို့ဆိုပါတယ်။
“ ပြည်သူပြည်သားတွေ မနစ်နာစေဖို့ တတ်နိင်သမျှကျွန်မတို့ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့၊ အလုပ်ရုံများဆက်လက်လည်ပတ်နိုင်ဖို့နဲ့ နိုင်ငံ့စီးပွါးရေးလည်ပတ်မှုကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရည်ရွယ်ပြီး အခွန်အကောက်ဖြေလျော့ခြင်းတွေ အတိုးနှုန်းလျော့ချခြင်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်” လို့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
COVID-19 ကြောင့် စီးပွါးရေးထိခိုက်မှု အများဆုံးဖြစ်နိုင်တဲ့ ကုန်ကြမ်းပေးကုန်ချောယူလုပ်ငန်းတွေ၊ လက်ခစားလုပ်ငန်းတွေ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေနဲ့ အသေးစားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်းတွေအတွက် အတိုးနှုန်းများနဲ့ ချေးငွေများကို အခွန်ကင်းလွတ်ခွင့်ရအောင် စီမံပေးသွားမယ်လို့ပြောပါတယ်။
ဒါ့အပြင် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန်၂%ကို ယခုနှစ်ဘဏ္ဍာနှစ်အထိကင်းလွတ်ခွင့်ပေးမယ်လို့သိရပါတယ်။
COVID-19 ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှပူးပေါင်းပါဝင်နိုင်ရန် COVID-19ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ထူထောင်သွားမှာဖြစ်လို့ စေတနာပြည်သူတွေအနေနဲ့ တတ်နိုင်သမျှရန်ပုံငွေများထည့်ဝင်ပေးကြဖို့ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID- 19 ရောဂါကူးစက်ခံရသူကတစ်ဦးတစ်ယောက်မှမရှိသေးသလို ကျွန်မတို့နိုင်ငံဟာအင်အားကြီးနိုင်ငံမဟုတ်ပေမယ့် ပြည်သူတွေသာအပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်ရင် လက်ရှိကာကွယ်ထိန်းချုပ်ရေးအစီအစဉ်များကို အောင်အောင်မြင်မြင်နဲ့ အကောက်အထည်ဖော်နိုင်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။