Social Distnacing စည်းကမ်းကို ချိုးဖောက်ပြီး အစုလိုက်အပြုံလိုက်စုရုံးမှုအပေါ်မှာ ရဲတပ်ဖွဲ့ဘက်က စိုးရိမ်နေတာလည်းဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့အောင်ပွဲအတွက် ထောင်ပေါင်းများစွာသောပရိသတ်တွေဟာ စုပေါင်းအောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် သတိပေးပြောဆိုမှုတွေပြုလုပ်ခဲ့ရပါတယ်။ Social Distnacing စည်းကမ်းကို ချိုးဖောက်ပြီး အစုလိုက်အပြုံလိုက်စုရုံးမှုအပေါ်မှာ ရဲတပ်ဖွဲ့ဘက်က စိုးရိမ်နေတာလည်းဖြစ်ပါတယ်။
လီဗာပူးလ်ပရိသတ်တွေဟာ သီချင်းတွေသံပြိုင်သီဆိုခဲ့ကြပြီး အန်ဖိးလ်ကွင်းအပြင်ဘက်မှာ အားပါးတရအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မာဆေးဆိုက်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ Cons Rob Carden က ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး နောက်ထပ်စိုးရိမ်ဖွယ်ရာကိစ္စတွေမဖြစ်ပွားစေဖို့အတွက် ဒေသခံတွေမှာ တာဝန်ရှိတယ်လို့ ပြောဆိုသတိပေးခဲ့ပါတယ်။
Carden က နေအိမ်မှာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံခဲ့တဲ့ ပရိသတ်တွေကိုတော့ ချိးကျူးစကားပြောဆိုခဲ့ပါတယ်။ "ကံမကောင်းတာကတော့ Lockdown ကာလအတွင်းမှာလည်း စည်းကမ်းတွေကိုချိုးဖောက်သူတွေ ရှိနေခဲ့တာပါ၊ လူတိုင်းက ဒီစည်းမျဉ်းကို လိုက်နာခဲ့ကြတာမဟုတ်ပါဘူး၊ ပွဲတော်အများစုမှာ ပျော်ရွှင်နေကြတာ သဘာဝကျပေမယ့်လည်း လူအများအပြားဟာ ကွင်းပြင်ပမှာ စုရုံးဖို့အတွက် ရွေးချယ်ခဲ့ကြပါတယ်" လို့ Carden က ပြောခဲ့ကြောင်း Guardian က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်မြို့လယ်ခေါင်မှာလည်း ပရိသတ်တွေဟာ မီးရှူးမီးပန်းများပစ်ဖောက်ပြီး သီချင်းတွေကို အော်ဟစ်သီဆိုကာ အသင်းအောင်မြင်မှုအတွက် အောင်ပွဲခံပျော်ရွှင်နေခဲ့ကြပါတယ်။ "ငါတို့ သွားနိုင်ခဲ့ပြီ၊ ငါတို့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီ" လို့ ဟစ်ကြွေးခဲ့ကြကာ ချယ်လ်ဆီး နဲ့ မန်စီးတီးပွဲအပြီး တစ်နာရီအတွင်းမှာပဲ အန်ဖီးလ်မှာ ပရိသတ်အများအပြားစုဝေးလာခဲ့ကြပါတယ်။
ပရိသတ်တွေအချင်းချင်းပွေ့ဖက်ကာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်အများအပြားကလည်း နှာခေါင်းစည်းတွေ တပ်ဆင်ထားခဲ့ကြပါတယ်။ ည ၁၁ နာရီမတိုင်ခင်မှာ လမ်းတွေကိုပိတ်ဆို့ထားမယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပေမယ့်လည်း အဆိုပါဧရိယာနားတဝိုက်မှာ ပရိသတ်တွေများပြားလာခဲ့ပြီးနောက် လူစုလူဝေးကို လူစုခွဲဖို့ရာ ရဲတပ်ဖွဲ့ဘက်က မတတ်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။