ဆေးရုံမှာ ဆိုပြမယ်လို့ ဆိုပါတယ်။

အဆိုတော် နီတာဟာ COVID-19 ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ၊ ဆရာမတွေ ဆေးရုံမှာပဲ ဂုဏ်ပြုသီချင်းလေး ဆိုပေးမယ်လို့ သိရပါတယ်။ 

Photo: Ni Tar



အဆိုတော် နီတာကတော့ COVID-19 ရောဂါမရှိတော့တဲ့အတွက် အိမ်ပြန်ရပြီလို့ သိရပါတယ်။ မေလ(၂၅) ရက်နေ့မှာတော့ ဝေဘာဂီ ဆေးရုံမှာ COVID-19 ကာကွယ်ရေးအတွက် တာဝန်ယူစောင့်ရှောက်ပေးနေကြတဲ့ ဆရာဝန်၊ ဆရာမတွေအတွက် ဂုဏ်ပြု သီချင်းလေးဆိုဖို့ရှိတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။ 

" ကျွန်တော် အိမ်ပြန်လို့ရပြီဆိုတော့ ဝေဘာဂီဆေးရုံမှာ သွေးလည်းလှူရင်း ဆရာ၊ ဆရာမတွေအတွက် ဂုဏ်ပြုတဲ့ သီချင်းဆိုမယ်။ သီချင်း နှစ်ပုဒ်၊ သုံးပုဒ်လောက်ဆိုဖို့တော့ လျာထားတာလေးတွေရှိတယ်။ တကယ်တမ်းပြောရရင်တော့ အစ်ကို အရမ်းကျေးဇူးတင်လို့ ဆိုပြချင်တာပါ။ အစ်ကိုက သီချင်း လုံးဝ မဆိုတာ (၂) လ၊ (၃) လလောက်ရှိသွားပြီလေ။ ချက်ချင်း ပြန်ဆိုတာတောင် ကြိုးစားပြီးတော့ ဆိုရမယ်။ Covid ဖြစ်ထားတာဆိုတော့ အဆုတ်တွေလည်း အများကြီး ထိခိုက်ထားတာ ဖြစ်တဲ့အတွက် အစ်ကို ကြိုးစားပြီးတော့ သီဆိုသွားပါမယ်လို့ ပြောပြချင်ပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Ni Tar

နီတာဟာ COVID-19 ကာလပြီးရင် သူ့ရဲ့ တစ်ကိုယ်တော် အခွေ အသစ်လေးတွေကို ပရိသတ်လက်ထဲ အရောက်ပို့ပေးချင်သေးတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် Stay Home ကာလမှာ အားလုံး ကြိုတင်ပြင်ဆင်ထားမယ်လို့လည်း သူက ပြောပါတယ်။ 

" အစ်ကို့ရဲ့ အခွေအသစ် (၂) ခွေဖြစ်တဲ့ ' နီတာ နောက်မဆုတ်ကြေး' ဆိုတဲ့ အခွေရယ်၊ ' နီတာ ကျေးဇူးပဲ ဂရုဏာ အသစ်' ဆိုတဲ့ အခွေ (၂) ခွေစလုံးကို ကျန်တဲ့ အပိုင်းလေးတွေ တောက်လျှောက် လုပ်သွားမယ်။ COVID-19 ကာလ ပြီးရင် ထွက်လို့ရအောင် အစ်ကို အဆင်သင့်ဖြစ်အောင် ကြိုလုပ်ထားလိုက်မယ်လို့ စဉ်းစားထားပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ni Tar

အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး Positive အဖြေထွက်လာချိန်မှာတော့ ဝေဘာဂီဆေးရုံကြီးကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ကနေ မေလ ၂၁ ရက်နေ့အထိ ဖောင်ကြီးမှာ Facility Quarantine ၂ပတ်တိတိ ဝင်ခဲ့ရတာဖြစ်ပါတယ်။ မေလ (၂၁) ရက်နေ့က စပြီး Home Quarantine ဆက်နေရတာဖြစ်ပြီး အခုတော့ ကျန်းမာရေးလည်း သိသိသာသာပြန်လည် ကောင်းမွန်လာခဲ့ပြီဖြစ်လို့ မေလ (၂၅) ရက်နေ့မှာ သမီးလေးတွေနဲ့ ဇနီးဆီကို ပြန်ရတော့မယ်လို့ သူက ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က