ကျောင်းသူ/သား သုံးဦးလျှင်တစ်ဦးသာ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

COVID-19 ထိန်းချုပ်ရေး အောင်မြင်မှုရခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်မှုအသစ်များ တစ်ကျော့ပြန် တွေ့ရှိလာမှုကြောင့် ဆိုးလ်မြို့နဲ့ အနီးအနားရှိ စာသင်ကျောင်းများသို့ ကျောင်းတက်ခွင့်ပြုတဲ့ ကျောင်းသူ/သားဦးရေ ကန့်သတ်လိုက်ပါတယ်။

(Photo: AFP)

ဆိုးလ်ဧရိယာအတွင်းရှိ မူကြို၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းသူ/သား သုံးဦးလျှင်တစ်ဦးသာ တက်ရောက်ခွင့်ပြုကြောင်း တာဝန်ရှိသူတွေက ယနေ့ (မေ ၂၉ ရက်) သတ်မှတ်လိုက်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ကျန်ရှိတဲ့ ကျောင်းသူ/သားတွေကတော့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်သင်ကြားရမှာ ဖြစ်ပါတယ်။ ထိုအစီအစဥ်ကို စာသင်ကျောင်း ၂၀၀ ကျော်မှာ ဆောင်ရွက်မယ်လို့ BBC သတင်းက ဆိုပါတယ်။



တောင်ကိုရီးယားနိုင်ငံဟာ COVID-19 စတင်ဖြစ်ပွားရာ တရုတ်ပြည်မကြီး ပြင်ပမှာ အစောပိုင်း ကူးစက်မှုတွေ အဆိုးဆုံး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေအနက် ပါဝင်ခဲ့ပါတယ်။ သို့သော် တောင်ကိုရီးယားက သံသယရှိလူနာများကို ခြေရာခံမှု၊ စစ်ဆေးမှုနဲ့ ကုသမှုတို့ အပြင်းအထန် ဆောင်ရွက်ခဲ့မှုကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုကို lockdown အစီအမံများ သတ်မှတ်လုပ်ဆောင်ခြင်းမရှိဘဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

(Photo: AFP)

ထို့နောက် လူများ ခပ်ခွာခွာနေရမယ့် စည်းကမ်းတွေကို ဖြေလျှော့ခဲ့ပြီး နိုင်ငံရဲ့ နေရာအများအပြားဟာ ယခုသီတင်းပတ်အထိ ပုံမှန်အခြေအနေ ပြန်ဖြစ်လာခဲ့ပါတယ်။ သို့သော် ယခုအခါ ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီး ဆိုးလ်မြို့တော်နဲ့ အနီးပတ်ဝန်းကျင် နေရာဒေသတွေမှာ ကန့်သတ်ချက်အချို့ ပြန်လည်လုပ်ဆောင်လာရပါတယ်။

တောင်ကိုရီးယားမှာ ကျောင်းတွေကို အဆင့်အလိုက် ပြန်ဖွင့်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဆက်လက် ဖွင့်သွားရန်စီစဥ်ထားတာ ဖြစ်ပါတယ်။ ကြာသတေးနေ့ (မေ ၂၈ ရက်) မှာတော့ တောင်ကိုရီးယားမှာ COVID-19 အတည်ပြုလူနာ ၇၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဧပြီ ၅ ရက်နောက်ပိုင်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် သောကြာနေ့ (မေ ၂၉ ရက်) မှာတော့ နေ့စဥ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုဟာ ၅၈ ဦးသို့ ပြန်လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။

(Photo: TBS.Seoul.Kr)

COVID-19 ကူးစက်မှုအသစ်တွေကို ဆိုးလ်မြို့တော်အနောက်ဘက် Bucheon မြို့ရှိ Coupang ကုမ္ပဏီရဲ့ ဂိုဒေါင်တစ်ခုမှာ တွေ့ရှိခဲ့ရပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစု‌ပေါင်း ၉၆ ဦး ဖြစ်တယ်လို့ Central Disaster and Safety Countermeasure Headquarters က ထုတ်ပြန်ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၁,၄၀၂ ဦး၊ သေဆုံးသူ ၂၆၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၀,၃၆၃ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က