မလေးရှားနိုင်ငံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံသားများ ပြည်ပထွက်ခွာမှုနဲ့ နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်မှု ပိတ်ပင်တဲ့အမိန့်တစ်ရပ်ကို အစိုးရက မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
(Photo: AP)
အစိုးရက ထုတ်ပြန်လိုက်တဲ့ အမိန့်အရ လာမယ့် မတ် ၁၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ မလေးရှားနိုင်ငံသား အားလုံးကို ပြည်ပထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားမယ်လို့ သိရပါတယ်။ နိုင်ငံရပ်ခြားမှ ပြန်လာကြတဲ့ မလေးရှားနိုင်ငံသားတွေဟာလည်း ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး မိမိဘာသာ ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် နေထိုင်ရမယ်လို့ ဆိုပါတယ်။
ယခု အမိန့်အရ ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် နိုင်ငံခြားသားတွေကိုလည်း မလေးရှားနိုင်ငံအတွင်းသို့ မတ်လ ၁၈ ရက်မှ မတ်လ ၃၁ ရက်အထိ သီတင်းနှစ်ပတ်ကြာ ပြည်ဝင်ခွင့်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ဘာသာရေးပွဲများ၊ အားကစားပွဲများ၊ လူမှုရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ ပွဲများအပါအဝင် လူစုလူဝေးဖြစ်စေတဲ့ လှုပ်ရှားမှုတွေကိုလည်း မလေးရှားတစ်နိုင်ငံလုံး ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။
(Photo: AFP/Mohd Rasfan)
"စူပါမတ်ကက်တွေ၊ ကုန်မျိုးစုံ စတိုးဆိုင်တွေနဲ့ နေ့စဥ်လိုအပ်တဲ့ အသုံးအဆောင်များ ရောင်းချတဲ့ စတိုးဆိုင်တွေကလွဲပြီး ဝတ်ပြုနေရာနဲ့ စီးပွားရေးလုပ်ငန်းများ အားလုံးကို ပိတ်ထားရပါမယ်" လို့ ဝန်ကြီးချုပ်မူဟီဒင်ယာစင်က ရုပ်မြင်သံကြားမှတစ်ဆင့် အမိန့်ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။
မလေးရှားမှာ ကျောင်းများနဲ့ အဆင့်မြင့်ပညာသင်ကြားရေးတက္ကသိုလ်များ အားလုံးကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ ထို့အတူ ရေ၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ရေနံ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဲ့သို့ မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး လုပ်ငန်းများအားလုံးကိုလည်း ပိတ်ပင်ထားမယ်လို့ မလေးရှားဝန်ကြီချုပ်က ဆိုပါတယ်။
(Photo: NST)
"အခြား နိုင်ငံတွေမှာ COVID-19 ကူးစက်မှု အချိန်တိုအတွင်း ရုတ်တရက် မြင့်တက်လာတာ ကျွန်တော်တို့ တွေ့ရပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလိုမျိုး အဖြစ်မခံနိုင်ပါဘူး၊ အခြေအနေတွေ ပိုဆိုးလာတဲ့အထိ ကျွန်တော်တို့ စောင့်ဆိုင်းမနေနိုင်ပါဘူး" လို့ ယာစင်က ပြောခဲ့ပါတယ်။ မတ်လ ၁၆ ရက် ညပိုင်းအထိ စာရင်းတွေအရ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၅၃ ဦးရှိလာပါတယ်။
ကူးစက်ခံသူမှုအနက် ၃၀၀ ကျော်ဟာ ဖေဖေါ်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေပါတယ်။ အဆိုပါ ဘာသာရေးပွဲကို လူဦးရေ ၁၆,၀၀၀ တက်ရောက်ခဲ့ပြီး ဘူရူနိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှ လာရောက်ခဲ့ကြသူတွေလည်း ဗိုင်းရပ်စ်ကူစက်ခံရကြောင်း သိရပါတယ်။
(Photo: Vincent Thian/AP)
မတ်လ ၁၆ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၄,၂၉၅ ဦးနဲ့ သေဆုံးသူ ၆,၆၇၃ ဦးရှိလာပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
တရုတ်မှာ စတင်တွေ့ရှိခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ အီတလီ၊ အီရန်၊ စပိန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် အပါအဝင် တရုတ်ပြည်မကြီးပြင်ပ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုများ မြင့်တက်နေခဲ့ပါတယ်။ တရုတ်ပြည်မကြီးမှာ ဗိုငးရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုကတော့ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။
Source: CNA, Reuters