တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ရက် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် COVID-19 ကူးစက်မှုများ ပြန်တွေ့လာရပြီးနောက် မြို့ရဲ့ ဧရိယာတစ်ခုကို တင်းကြပ်စွာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားကြောင်း သိရပါတယ်။
(Photo: Reuters)
ယခုတွေ့ရှိရတဲ့ ကူးစက်ဖြစ်ပွားမှုဟာ ဘေဂျင်းမြို့ရဲ့ အကြီးဆုံး လက်ကားဈေးကြီးတစ်ခုနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။ ဘေဂျင်းမြို့ရှိ Xinfadi လက်ကားဈေးကြီးမှာ လူဦးရေ ၅၁၇ ဦးကို စစ်ဆေးခဲ့ရာ ၄၅ ဦးထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံထားမှု တွေ့ခဲ့ရကြောင်း ယနေ့ (ဇွန် ၁၃ ရက်) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘေဂျင်းမြို့ အနောက်တောင်ပိုင်း Fengtai ခရိုင်ရဲ့ တာဝန်ရှိသူ Chu Junwei က ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုများ အစုအပြုံလိုက်တွေ့ခဲ့ရပြီးနောက် လက်ကားဈေးအနီးရှိ လူနေရပ်ကွက် ၁၁ ခုနဲ့ လက်ကားဈေးကို အဝင်အထွက် ပိတ်ပင်ကာ lockdown လုပ်ထားပြီး ဈေးဝန်ထမ်း ၁၀,၀၀၀ ကို ဗိုင်းရပ်စ်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ လက်ကားဈေးနဲ့ ဆက်နွယ်နေတဲ့ COVID-19 အတည်ပြုလူနာများ တွေ့ရှိလာရပြီးနောက် ဘေဂျင်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
(Photo: Getty Images)
Xinfadi လက်ကားဈေးရဲ့ ဥက္ကဌဖြစ်သူက အစိုးရပိုင် Beijing News ကို ပြောကြားမှုအရ ဗိုင်းရပ်စ်ကို ပြည်ပမှတင်သွင်းလာတဲ့ ဆော်လ်မွန်ငါးတွေကို ကိုင်တွယ်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ စဥ့်နှီတုံးတွေပေါ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ ပြောကြားမှုထွက်ပေါ်လာပြီးနောက် နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ဘေဂျင်းမြို့ရှိ အဓိက စူပါမတ်ကက်ကြီတွေက ၎င်းတို့ရဲ့ အရောင်းကောင်တာများမှ ဆော်လ်မွန်ငါးတွေကို ညတွင်းချင်း ဖယ်ရှားပစ်ခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိလာရတာကြောင့် ဘေဂျင်းမြို့မှာ အားကစားပွဲတွေကို ရပ်ဆိုင်းထားပြီး တရုတ်နိုင်ငံရဲ့ အခြား နေရာဒေသများမှ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကိုလည်း ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။ ဘေဂျင်းမြို့ အနောက်မြောက်ပိုင်း Haidian ခရိုင်ရှိ စိုက်ပျိုးရေးထွက်ကုန်ဈေးတစ်ခုမှ လူတစ်ဦးထံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိခဲ့ကြောင်း Chu Junwei က ပြောခဲ့ပါတယ်။
(Photo: Getty Images)
COVID-19 ကူးစက်ဖြစ်ပွားမှုကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပေမဲ့ လတ်တလော လပိုင်းအတွင်းမှာတော့ တရုတ်ပြည်မကြီးမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ အလွန်းနည်းပါးသွားခဲ့ပြီး lockdown လုပ်ထားခဲ့မှုများကို ရုပ်သိမ်းခဲ့ပါတယ်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၈၃,၀၇၅ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦးနဲ့ ပြန်လည်သက်သာသူ ၇၈,၃၆၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Source: Reuters, AFP