ဩစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မဲလ်ဘုန်းမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ဆင်ခြေဖုံးနေရာ ၃၆ ခုကို lockdown သတ်မှတ်ကြောင်း အာဏာပိုင်တွေက ယနေ့ (ဇွန် ၃၀ ရက်) အမိန့်ထုတ်ပြန်လိုက်ပါတယ်။
(Photo: AFP)
ဩစတြေးလျရဲ့ အခြား နေရာတွေမှာ ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ပေးနေခဲ့စဥ် မဲလ်ဘုန်းမြို့မှာ lockdown ပြန်သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁ ရက်) ညသန်းခေါင်မှစပြီး အိမ်မှာပဲနေရမယ့် အမိန့်ညွှန်ကြားချက် စတင်သက်ရောက်မှာဖြစ်ပြီး လူဦးရေ ၃၂၀,၀၀၀ ခန့်အတွက် အကျုံးဝင်ကြောင်း ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ်အန်ဒရူးစ်က ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆင်ခြေဖုံးနေရာတွေမှာ နေထိုင်ကြသူတွေဟာ အလုပ်လုပ်ရန်၊ ကျောင်းတက်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာအတွက် နေအိမ်ပြင်ပ သွားလာခြင်းကလွဲပြီး အိမ်မှာပဲနေကြရမှာ ဖြစ်ပါတယ်။ ယခု အမိန့်ညွှန်ကြားချက်ဟာ သီတင်းလေးပတ်ကြာ သက်ရောက်နေမယ်လို့ ဆိုပါတယ်။ မဲလ်ဘုန်းမြို့ရှိ အမိန့်ညွှန်ကြားချက် အကျုံးဝင်တဲ့နေရာများရှိ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်များဟာ ပါဆယ်စနစ်ဖြင့်သာ ပြန်လည်ရောင်းချရမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
(Photo: AFP)
အဆိုပါ ဆိုင်တွေဟာ ဩစတြေးလျတစ်ဝှမ်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးခဲ့ပြီးနောက် ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်ရောင်းချနေခဲ့တာ သီတင်းပတ်များသာ ရှိခဲ့သေးတာလည်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အစိုးရက ပြည်နယ်အတွင်း လေယာဥ်ဆင်းသက်မှုတွေကိုလည်း ပိတ်ပင်လိုက်ပြီး အခြား ပြည်နယ်တွေမှာ ဆင်းသက်ကြရန် ပန်ကြားခဲ့ပါတယ်။ ပြင်ပမှ COVID-19 ကူးစက်မှုအန္တရာယ်ကို ကာကွယ်တားဆီးရန် လေယာဥ်ဆင်းသက်ခွင့်များ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ယနေ့အထိ ၂၄ နာရီအတွင်း နောက်ထပ် ကူးစက်မှု ၆၄ ခု စစ်ဆေးတွေ့ရှိခဲ့ပြီး ယခင်နေ့မှာ ၇၅ ခု တွေ့ရှိခဲ့ရမှုထက် လျော့နည်းသွားခဲ့ပါတယ်။ ဗစ်တိုးရီးယားမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေး ပါဝင်ကူညီရန် ဩစတြေးလျစစ်ဘက်အမှုထမ်း စုစုပေါင်း ၁,၀၀၀ ကို စေလွှတ်ထားခဲ့ပါတယ်။ လူဦးရေ ၂၅ သန်းရှိတဲ့ ဩစတြေးလျမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၇,၈၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၄ ဦးရှိခဲ့ပါတယ်။