ဆရာဝန်မိသားစုတစ်ခုလုံး COVID-19 ကူးစက်ခံထားရပါတယ်။

မလေးရှားနိုင်ငံမှာ ဆရာဝန်တစ်ဦးရဲ့ မိသားစုတစ်ခုလုံး COVID-19 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပေမဲ့ ဆရာဝန်ဇနီးမောင်နှံနဲ့ ကလေးငါးဦးလုံး ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ဖြတ်သန်းနေကြတယ်လို့ ဆိုပါတယ်။



(Photo: Reuters)

ဆရာဝန်မိသားစုကို မတ်လ ၂၇ ရက်နေ့ကတည်းက Teluk Intan ဆေးရုံမှာ ရောဂါခြေချုပ်ဖြင့် သီးခြားခွဲထားခဲ့ပြီး မောင်နှမတွေထဲမှတစ်ဦးဖြစ်သူ အသက် ၁၇ နှစ်အရွယ် Erika Syamim Samsu Ambia က TikTok ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ရာ Twitter မှာ ရေပန်းစားနေပါတယ်။



"ကျွန်မတို့ COVID-19 positive ဖြစ်ကြနေပေမဲ့ ကျွန်မတို့ မိသားစုတစ်ခုအနေနဲ့ ဒါကို အတူတကွ ဖြတ်ကျော်သွားကြမှာပါ၊ နောက်ပြီး ကျွန်မတို့ရဲ့ ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်၊ ဒီဟာက ဆေးရုံမှာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေဖို့ ဆော့ခဲ့ကြတဲ့ TikTok လေးပါ" လို့ Erika က ရေးထားပါတယ်။

ဆရာဝန်ရဲ့ ကလေးငါးဦးအနက် အကြီးဆုံးဖြစ်သူ Erika ကို Bernama သတင်းဌာနက Twitter မှတစ်ဆင့် အင်တာဗျူးလုပ်ခဲ့ရာ သူမတို့ရဲ့ဖခင် ဒေါက်တာ Samsu Ambia Ismail က Teluk Intan ဆေးရုံရဲ့ အရေးပေါ်နဲ့ ထိခိုက်ဒဏ်ရာဌာနမှာ အကြီးအကဲ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒေါက်တာ Samsu ဟာ မိသားစုထဲမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူဖြစ်ပြီး ၎င်းကို ဆေးရုံမှာ သီးခြားခွဲထားတာ ခြောက်ရက်ရှိပြီ ဖြစ်ပါတယ်။ Erika Syamim နဲ့ အသက်ရှစ်နှစ်မှာ ၁၅ နှစ်ကြားအရွယ် သူမရဲ့ မွေးချင်းလေးဦး၊ မိခင်ဖြစ်သူတို့ကိုလည်း ဒေါက်တာ Samsu ကို စတင် သီးခြားခွဲထားပြီး နောက်တစ်ရက်မှာ ထိုဆေးရုံမှာပင် သီးခြားခွဲထားခဲ့တာ ဖြစ်ပါတယ်။

(Photo: Gold Amy Edriena/Facebook)

"ကျွန်မတို့ ဒီဗိုင်းရပ်စ်ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းတွေနဲ့ တိုက်ထုတ်နေပါတယ်၊ ၁၄ ရက်ကြာ သီးခြားခွဲနေထိုင်တဲ့ ကာလပြီးရင် ကျွန်မတို့အားလုံး နေကောင်းသွားမယ်လို့ မျှော်လင့်ပါတယ်" လို့ Erika Syamim က ပြောပါတယ်။ မလေးရှား ယနေ့ (မတ်လ ၂၈ ရက်) ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၂,၃၂၀ ဦးရှိပြီး ၂၇ ဦး သေဆုံးခဲ့ကာ ပြန်လည်သက်သာလာသူ ၃၂၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မလေးရှားတစ်နိုင်ငံလုံး သွားလာလှုပ်ရှားမှု ကန့်သတ်မိန့်ကို လာမယ့် ဧပြီ ၁၄ ရက်နေ့အထိ တိုးချဲ့ထုတ်ပြန်ထားကြောင်း Bernama သတင်းမှာ ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၂၀,၈၂၁ ဦးနဲ့ သေဆုံးသူ ၂၈,၆၅၂ ဦးအထိ ဆက်လက် မြင့်တက်လာပြီး ပြန်လည်သက်သာလာသူ ၁၃၇,၃၄၈ ဦးရှိခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က