တရုတ်မှာစတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ကူးစက်ခံရသူ ၈၀ နှုန်းကျော်ကို မပြင်းထန်တဲ့ရောဂါ ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizaion - WHO) က ဖေဖေါ်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးရာခိုင်နှုန်းလောက်ကတော့ အသက်အန္တရာယ်ရှိပါတယ်
(Photo: Xinhua)
WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄ ရာခိုင်နှုန်းဟာ အဆုတ်ရောင်ရောဂါကဲ့သို့ ပြင်းထန်တဲ့ရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
"ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးရာခိုင်နှုန်းလောက်ကတော့ ကိုယ်တွင်းအင်္ဂါပျက်စီးတာ၊ သွေးအဆိပ်တက်တာနဲ့ သွေးအတွင်း အောက်စီဂျင်ပြတ်လပ်ပြီး အသက်ရှူလမ်းကြောင်းပြဿနာဖြစ်ပီး အသက်အန္တရာယ်ရှိပါတယ်၊ ကူးစက်ခံရမှုအချို့မှာ အသက်ဆုံးရှုံးပါတယ်" လို့ WHO အကြီးအကဲက ပြောပါတယ်။
ယခုဗိုင်းရပ်စ်ဟာ နှိုင်းယှဥ်ချက်အရ ကလေးငယ်တွေမှာ ကူးစက်မှုအနည်းငယ်မျှ တွေ့ရတာဖြစ်ပြီး ဘာကြောင့်ဆိုတာကို နားလည်သိရှိနိုင်ရန် နောက်ထပ် သုတေသနတွေ လိုအပ်ကြောင်းလည်း Tedros က ဆိုပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ရေတွက်မှုတွေနဲ့ပတ်သက်ပြီးလည်း WHO အကြီးအကဲက သတိပေးခဲ့ပါသေးတယ်။ ဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်ပြည်မကြီးပြင်ပမှာ ကမ္ဘာ့လူဦးရေရဲ့ အနည်းငယ်မျှကိုသာ သက်ရောက်မှုရှိနေတာ ဖြစ်တယ်လို့ Tedros က ထောက်ပြပါတယ်။
ဒါ့အပြင် ဂျပန်ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အများအပြား စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် အပျော်စီးသင်္ဘောအားလုံးကို ရပ်ဆိုင်းထားရန် အကြံပြုမှုကိုလည်း WHO တာဝန်ရှိသူတွေက ပယ်ချခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) ညနေပိုင်းအထိ လူ ၃,၇၀၀ လိုက်ပါလာတဲ့ အဆိုပါ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၂ ဦးအထိ တွေ့ရှိထားပါတယ်။
ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၁,၈၇၃ ဦးအထိ မြင့်တက်လာပါတယ်
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) ညနေပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူ ၁,၈၆၈ ဦး သေဆုံးပြီး လူဦရေ ၇၂,၅၀၀ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေအဖြစ် ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၈၇၃ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၃,၄၈၀ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၁၃,၀၆၇ ဦးရှိကြောင်း သိရပါတယ်။