ကမ္ဘောဒီးယားမှာ တစ်လအတွင်း COVID-19 လူနာအသစ် နောက်ထပ် တိုးမလာခဲ့ပါဘူး။

အရှေ့တောင်အာရှဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံးကျန်ရှိနေတဲ့ COVID-19 လူနာဟာလည်း ပြန်လည်သက်သာပြီး ဆေးရုံကနေ ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

(Photo: Tang Chhin Sothy/AFP)

ယခုအခါ ကမ္ဘောဒီးယားမှာ COVID-19 လူနာ မရှိတော့ကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ သတိဝီရိယ ဆက်ရှိနေကြရန် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (မေ ၁၆ ရက်) ပြောပါတယ်။ လူနာမရှိတော့ပေမဲ့လည်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ COVID-19 ထိန်းချုပ်ရေး ကျောင်းများပိတ်ထားမှု၊ နယ်စပ်ပိတ်ထားမှုနဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု အပါအဝင် ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးကြောင်း မပါဝင်ခဲ့ဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။ ကမ္ဘောဒီးယားမှာ COVID-19 လူနာ ၁၂၂ ဦ စစ်ဆေးတွေ့ရှိထားခဲ့ပြီး သေဆုံးမှု မရှိခဲ့ပါဘူး။ ဒါ့အပြင် ဧပြီ ၁၂ ရက်နောက်ပိုင်းမှစပြီး ယနေ့အထိ တစ်လအတွင်း COVID-19 လူနာအသစ် နောက်ထပ် တိုးမလာခဲ့တာလည်း ဖြစ်ပါတယ်။



(Photo: AFP)

ယခုအခါ နောက်ဆုံး ကျန်ရှိနေတဲ့ နိုင်ငံအနောက်မြောက်ပိုင်း anteay Meanchey ပြည်နယ်မှ COVID-19 လူနာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ ပြန်လည်သက်သာလာခဲ့ပြီး ဖနွမ်းပင်မြို့တော်ရှိ Khmer Soviet Friendship ဆေးရုံကနေ ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ကမ္ဘောဒီးယားမှာ ဇန်နဝါရီလမှစပြီး လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှု ၁၄,၆၈၄ ခု လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ ပြည်သူတွေအနေနဲ့ သတိဝီရိယ ဆက်ရှိကြရန်နဲ့ လူစုလူဝေး မလုပ်ခြင်း အပါအဝင် ကြိုတင်ကာကွယ်မှုတွေကို လိုက်နာဆောင်ရွက်ကြရန် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး Mam Bunheng က တိုက်တွန်းခဲ့ပါတယ်။


(Image screenshot: Worldometers)

"ကူးစက်မှုအများစုက ယေဘုယျအားဖြင့် ပြည်ပကနေ ဝင်ရောက်လာသူတွေမှာ တွေ့ရပါတယ်၊ ဒါကြောင့် နယ်စပ်စစ်ဆေးဂိတ်တွေ အားလုံး၊ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ ကားလမ်းခရီး စစ်ရေးဂိတ်တွေမှာ ဂရုတစိုက်ရှိပြီး သတိထားရပါမယ်" လို့ Mam Bunheng က ပြောပါတယ်။ ကမ္ဘောဒီးယားကို ပြည်ပမှ ဝင်ရောက်လာသူတွေဟာ COVID-19 ရောဂါမရှိကြောင်း ကျန်းမာရေးထောက်ခံချက် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

ကျန်းမာရေးထောက်ခံချက် ပါရှိသူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုပြီးပါကလည်း ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ ၎င်းကဆိုပါတယ်။ ယခုအခါ အရှေ့တောင်အာရှမှ တရားဝင် စာရင်းတွေအရ COVID-19 လူနာကင်းစင်သွားတဲ့နိုင်ငံ နှစ်နိုင်ငံရှိလာခဲ့တာ တွေ့ရပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောမှာလည်း ယမန်နေ့ (မေ ၁၅ ရက်) စာရင်းတွေအရ COVID-19 လူနာကင်းစင်သွားခဲ့ကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က