တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု အဓိက စတင်ဖြစ်ပွားခဲ့ရာ ဟူဘေးပြည်နယ်ရှိ မြို့တစ်မြို့က ရောဂါလက္ခဏာရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေထံ ကိုယ်တိုင်လာရောက် အသိပေးပြီး စစ်ဆေးမှုခံယူတဲ့ လူနာတွေကို ဆုကြေးငွေပေးအပ်သွားမယ်လို့ သိရပါတယ်။
မြန်မာကျပ်ငွေနဲ့ဆိုပါက သိန်း ၂၀ ကျော် ဖြစ်ပါတယ်
(Photo: AP)
ဖျားနာခြင်းကဲ့သို့ ရောဂါလက္ခဏာရှိကြောင်း လာရောက်အသိပေး ပြောကြားသူကို စစ်ဆေးအတည်ပြုပြီးနောက် တရုတ်ယွမ်ငွေ ၁၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်/အမေရိကန်ဒေါ်လာ ၁,၄၂၃) ဆုကြေးပေးမယ်လို့ ဆိုပါတယ်။ လူဦးရေ တစ်သန်းဝန်းကျင်ရှိတဲ့ Qianjiang မြို့ အာဏာပိုင်တွေက မြို့ခံတွေကို ထိုသို့ ဆုကြေးငွေပေးမယ်လို့ ထုတ်ပြန်ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
Qianjiang မြို့ဟာ COVID-19 ရောဂါဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှ ၉၃ မိုင်အကွာမှာ တည်ရှိပါတယ်။ ထိုမြို့မှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံလူနာ ၁၉၇ ဦး စစ်ဆေးတွေ့ရှိထားပြီး ဗိုင်းရပ်စ်ကူးစက်ခံသူတွေကို သီးသန့်ခွဲထားခြင်းနဲ့ ကုသခြင်းတို့ ဆောင်ရွက်ရာမှာ သေချာစေရန် အစီအစဥ်များ လုပ်ဆောင်နေကြောင်း Reuters သတင်းက ပြောပါတယ်။
ဖေဖေါ်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးတစ်ခုလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၄၉၇ ဦးရှိပါတယ်
(Photo: AFP)
ယခုကဲ့သို့ COVID-19 လူနာတွေကို ဆုကြေးငွေကမ်းလှမ်းမှုတွေကို တရုတ်နိုင်ငံရဲ့ နေရာဒေသ အများအပြားမှာ လုပ်ဆောင်နေကြပြီး ပြည်သူလူထုကို မိမိသဘောဆန္ဒအလျောက် ဆေးစစ်မှုခံယူစေရန် အားပေးတိုက်တွန်းမှုလည်း ဖြစ်ပါတယ်။ သို့သော် အခြား နေရာဒေသတွေမှာတော့ ထိုကဲ့သို့ ဆုကြေးငွေကို တရုတ်ယွမ်ငွေ ၃၀၀ မှ ၅၀၀ ကြား (မြန်မာကျပ်ငွေ ခြောက်သောင်းကျော်မှ တစ်သိန်းကျော်ကြား) ပမာဏသာ ပေးအပ်မယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေးထားပါတယ်
လက်ရှိအချိန်အထိ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဟူးဘေးပြည်နယ်မှာ ကူးစက်ခံရသူ ၆၅,၀၀၀ နဲ့ သေဆုံးသူ ၂,၆၀၀ ကျော် ရှိခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးတစ်ခုလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၄၉၇ ဦးရှိပြီး ၂,၇၄၄ ဦး သေဆုံးခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းအထိ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ကမ္ဘာတစ်ဝှမ်း ၈၂,၃၆၆ ဦးရှိလာပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၂,၈၀၅ ဦးအထိ မြင့်တက်လာပါတယ်။
လတ်တလော ထုတ်ပြန်ထားတဲ့ နေ့စဥ်စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီရန်နဲ့ အီတလီကဲ့သို့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုများ မြင့်တက်နေပါတယ်။
COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။