လေ့လာမှုအသစ်တစ်ခုအရ COVID-19 ရောဂါဗိုင်းရပ်စ်ဟာ လူနာထံမှ ၁၃ ပေ အကွာအဝေးအထိ ရောက်ရှိနိုင်ပါတယ်။

COVID-19 လူနာတွေထားရှိရာ လူနာဆောင်များမှ လေထုအတွင်း ဓာတ်ခွဲနမူနာတွေကို လေ့လာမှုအသစ်တစ်ခုအရ COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူနာထံမှ ၁၃ ပေ (၄ မီတာ) အကွာအဝေးအထိ ရောက်ရှိသွားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

(Image: CDC)

ထိုအကွာအဝေးဟာ လက်ရှိ လမ်းညွှန်မှုတွေမှာ ဖော်ပြထားတဲ့ အကွာအဝေးထက် ၂ ဆဖြစ်နေပါတယ်။ တရုတ်သုတေသီတွေ တွေ့ရှိခဲ့တဲ့ ကနဦး လေ့လာမှုရလဒ်တွေကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention - CDC) က ထုတ်ဝေတဲ့ Emerging Infectious Diseases ဂျာနယ်မှာ ယမန်နေ့ (ဧပြီ ၁၀ ရက်) က ဖော်ပြခဲ့ကြောင်း သိရပါတယ်။



ယခု လေ့လာတွေ့ရှိချက်က ရောဂါ မည်သို့ကူးစက်ပျံ့နှံ့မှုအပေါ် အချေအတင် ဆွေးနွေးစရာ တိုးလာတယ်လို့ ဆိုပါတယ်။ လေ့လာမှုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်က လူနာထံမှ ယခု အကွာအဝေးသို့ ရောက်ရှိလာတဲ့ နည်းပါးတဲ့ ဗိုင်းရပ်စ်အရေအတွက်ဟာ ကူးစက်မှုဖြစ်စေမယ်လို့ မသေချာကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: News18)

ယခု လေ့လာမှုကို ဘေဂျင်းမြို့ရှိ Academy of Military Medical Sciences က ဦးဆောင်ပြီး ဝူဟန်မြို့ရှိ Huoshenshan ဆေးရုံ COVID-19 အထူးကြပ်မတ်ကုသဆောင်နဲ့ သာမန် လူနာဆောင်တို့မှ လေထုအတွင်း ဓာတ်ခွဲနမူနာတွေကို လေ့လာခဲ့ကြပါတယ်။ ထိုဆေးရုံမှာ ဖေဖေါ်ဝါရီ ၁၉ ရက်မှ မတ်လ ၂ ရက်ကြား လူနာ ၂၄ ဦး လက်ခံကုသပေးခဲ့တာ ဖြစ်ပါတယ်။

သုတေသီတွေရဲ့ လေ့လာမှုအရ ဗိုင်းရပ်စ်ဟာ လူနာဆောင်တွေရဲ့ ကြမ်းပြင်များပေါ်မှာ အများဆုံး အစုအပြုံလိုက်ရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ မြေဆွဲအားနဲ့ လေစီးကြောင်းကြောင့် ဗိုင်းရပ်စ်ပါရှိတဲ့ အမှုန်အမွှားတွေ မြေပြင်ပေါ်ကျခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထို့အတူ လူများ မကြာခဏ ထိတွေ့ကြတဲ့ ကွန်ပျူတာမောက်စ်၊ အမှိုက်ပုံး၊ ကုတင်လက်တန်းများနဲ့ တံခါးလက်ကိုင်ဖုတွေမှာလည်း ဗိုင်းရပ်စ်အများအပြား တွေ့ရှိရပါတယ်။ လေ့လာမှုတွေအရ အထူးကြပ်မတ်ကုသဆောင်မှာ အလုပ်လုပ်ကိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖိနပ်များထံမှ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ ဗိုင်းရပ်စ်ရှိနေတာ တွေ့ရပါတယ်။ ထိုအခြေအနေရ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖိနပ်တွေဟာ ဗိုင်းရပ်စ်သယ်ဆောင်နိုင်ပုံရတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က