တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွေကို ယနေ့ (ဧပြီ ၁၀ ရက်) စတင်ခဲ့ရာ COVID-19 လူနာတွေကလည်း ၎င်းတို့အတွက် သီးခြားပြုလုပ်ပေးထားတဲ့ မဲရုံတွေမှာ မဲပေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကလည်း ကပ်ရောဂါအန္တရာယ်ကြောင့် မဲဆွယ်စည်းရုံးမှုတွေကို နည်းလမ်းသစ်များဖြင့် လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ရွေးကောက်ပွဲကော်မရှင် (National Election Commission - NEC) က မဲပေးကြမယ့် COVID-19 လူနာ ၃,၀၀၀ ကျော်အတွက် မဲရုံ ၈ ရုံ ပြင်ဆင်ပေးထားခဲ့ပါတယ်။
ထို့အတူ ဆိုးလ်မြို့နဲ့ ဒေဂူးမြို့ အပါအဝင် COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာများရှိ ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၉၀၀ အတွက်လည်း မဲရုံများ စီစဥ်ပေးခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲကို ဧပြီ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပေမဲ့ မဲဆန္ဒရှင်တွေက ထိုနေ့မှာ မဲရုံနေရာများ လူစုလူဝေးဖြစ်မှုကို လျှော့ချရန်အတွက် ကြိုတင်မဲပေးကြလိမ့်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။
ယနေ့ စတင်ခဲ့တဲ့ ကြိုတင်မဲပေးကာလ နှစ်ရက်အတွက် တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်း မဲရုံ ၃,၅၀၀ ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကြိုတင်မဲပေးမှုအတွက် မဲရုံတွေ မဖွင့်မီမှာ ပိုးသတ်ဆေးဖြန်းခဲ့ပြီး လာရောက်မဲပေးသူအားလုံးဟာ mask တပ်ဆင်ရန်၊ လက်သန့်စင်ဆေးသုံးရန်နဲ့ လက်အိတ်ဝတ်ထားရန် လိုအပ်ကြောင်း သိရပါတယ်။
တာဝန်ရှိသူတွေက မဲဆန္ဒရှင်တွေကို မဲရုံအဝင်ပေါက်နေရာမှာ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးကြပြီး ၉၉.၅ ဖာရင်ဟိုက်ကို ကျော်လွန်နေသူများအား အထူးမဲရုံများသို့ စေလွှတ်တယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း အိမ်ပြာတော်အနီးရှိ မဲရုံတစ်ရုံမှာ ယနေ့ လာရောက်မဲပေးခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း မတွေ့ရသေးပေမဲ့ ၎င်းတို့ကိုယ်တိုင် အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိသူ ၄၆,၅၀၀ ကို မဲပေးခွင့်ပြုမယ့် အစီအစဥ်တွေအတွက် အချေအတင် ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
"မိမိကိုယ်တိုင် အသွားအလာ ကန့်သတ်နေထိုင်နေကြသူတွေဟာလည်း သူတို့ရဲ့ မဲပေးပိုင်ခွင့်ရသင့်ပါတယ်၊ မဲပေးစဥ်မှာ ကူးစက်မှုအန္တရာယ်နည်းအောင် ဘယ်လိုလျှော့ချရမလဲဆိုတာက စိုးရိမ်ပူပန်စရာ ဖြစ်နေပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး Kim Gang-lip သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ အစိုးရအနေနဲ့ အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိသူတွေကို ဧပြီ ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ မဲရုံများပိတ်ပြီးနောက် မဲပေးစေမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ ကုသပျောက်ကင်းပြီးသား COVID-19 လူနာ ၅၁ ဦးထံမှာ ဗိုင်းရပ်စ် ပြန်တွေ့ရတယ်လို့ Centers for Disease Control and Prevention (CDC) က ပြောထားပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၀,၄၅၀ ဦးရှိပြီး ၂၀၈ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၇,၁၁၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Source: SCMP, Reuters