တစ်ကိုယ်ရေ သန့်ရှင်းမှုရှိဖို့လည်း အရေးကြီးပါတယ်။

သဉ္ဇာကတော့ သူချစ်ရတဲ့ ပရိသတ်တွေကို COVID-19 ကာကွယ်ရေးဖို့အတွက် သူသိထားတဲ့ အရာလေးတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Thinzar



ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ သဉ္ဇာကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။ သူမ ချစ်တဲ့ ပရိသတ်တွေကို COVID-19 ရောဂါ ကူးစက်ခြင်း မခံရလေအောင် လေ့လာထား၊ သိထား တာလေးတွေကို Duwun Media ကနေ မျှဝေပြောပြခဲ့ပါတယ်။ 

“COVID-19 နဲ့ ပတ်သက်ပြီး သဉ္ဇာသိထားသမျှ ပရိသတ်ကို မျှဝေချင်ပါတယ်။ ဒီရောဂါဟာ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်မယ့် ရောဂါလို့ သိထားပါတယ်။ ရောဂါရှိနိုင်တယ်လို့ ထင်ရတဲ့ သံသယလူနာတစ်ဦးနဲ့ နီးနီးကပ်ကပ် မနေတာ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်း အဓိက ထား လုပ်ဆောင်ရမယ်လို့ သဉ္ဇာ မြင်ပါတယ်။ ဒီအချိန်မှာ ဝိတ်ချတာတွေ မလုပ်သင့်ဘူး။ အားရှိတဲ့ အစားအသောက်တွေ စားစေချင်တယ်။ ညဘက် အိပ်ချိန်ကိုလည်း နောက်မကျစေချင်ဘူး၊ အိပ်ရေးဝဝ အိပ်စေချင်တယ်” လို့ ဆိုပါတယ်။ 

Photo: Thinzar

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံ အတွင်းမှာလည်း အခုဆိုရင် COVID-19 ကူးစက်ခံနေရသူ လူဦးရေ(၂၀) ဦး ရှိလို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Thinzar

ကျန်းမာရေးကို ပိုဂရုစိုက်နေရတဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုင်တွယ်ခြင်းကိုလည်း သေချာ ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။ ကိုယ်ချစ်ရတဲ့ တိရစ္ဆာန်လေးတွေကိုလည်း ရောဂါပိုးမကူးအောင် သေချာ စောင့်ရှောက်ဖို့ ဆက်လက် ပြောပြလာပါတယ်။ 

“ အဓိက က တိရစ္ဆာန်လေးတွေကို ကိုင်တွယ်တဲ့ အခါမှာလည်း ကိုယ့်ဆီမှာ အကာအကွယ်ရှိပြီးမှ သူတို့ကို ကိုင်စေချင်တယ်။ နမ်းစေချင်တယ်၊ ထိတွေ့စေချင်တယ်ပေါ့နော်။ သူတို့လေးတွေကို ဘယ်လောက်ပဲ ချစ်ချစ်၊ သူတို့အတွက်ရော၊ ကိုယ့်အတွက်ရော ကောင်းစေချင်တဲ့ အချက်လေးတွေနဲ့ ကာကွယ်မှုလေးတွေ ရှိစေ ချင်တယ်။ အခုအခြေအနေမှာ ကူးစက်ရောဂါကလည်း မြန်လာပြီဖြစ်တဲ့အတွက် အိမ်မှာပဲ သည်းခံပြီး နေကြပါ။ ဘယ်မှ မသွားပါနဲ့လို့ တောင်းဆိုချင်ပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Thinzar

သဉ္ဇာ(Thinzar) ကိုတော့ ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်ပေါ်မှာ ညီမလေးအရင်းလေးပါဆိုပြီးတော့ မိတ်ဆက်ပေးလိုက်ကတည်းက ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူမက လက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်လို့နေပါပြီ။ ပညာရေးမှာလည်း ကြိုးစားနေသူဖြစ်သလို အနုပညာလှုပ်ရှားမှုတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးလည်းဖြစ်သလို ဘာဘီရုပ်လေးနဲ့ တူတဲ့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အလှအပတွေကြောင့်လည်း ယောကျ်ားလေး ပရိသတ်တွေက ပိုတိုးလို့ အားပေးလာကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က