အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်က COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တရားစွဲဆိုလိုက်ပါတယ်။
(Photo: Getty Images)
မစ်ဆူရီပြည်နယ်က တရုတ်အစိုးရကို တမင်ရည်ရွယ် လိမ်လည်မှုနဲ့ ကပ်ရောဂါရပ်တန့်ရန် လုံလောက်တဲ့ အရေးယူဆောင်ရွက်ချက် မရှိမှုတို့ဖြင့် ဧပြီ ၂၁ ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် မစ်ဆူရီပြည်နယ်မှာ နေထိုင်ကြသူတွေဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ထိခိုက်နစ်နာမှုတွေ ကြုံခဲ့ကြရကြောင်း ပြည်နယ်ရှေ့နေချုပ် Eric Schmitt က ပြောပါတယ်။
မစ်ဆူရီပြည်နယ်ရဲ့ တရားစွဲဆိုမှုဟာ COVID-19 ကိစ္စမှာ အမေရိကန်ပြည်နယ်တစ်ခုက တရုတ်အစိုးရကို ပထမဆုံး တရားစွဲဆိုမှုလည်း ဖြစ်လာပါတယ်။ အမေရိကန်လွှတ်တော်မှာ တရုတ်အစိုးရ ပြစ်ဒဏ်ပေးရန်နဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုမှာ တရုတ်အစိုးရဲ့ အခန်းကဏ္ဍကို အာရုံစိုက်ရန် သမ္မတဒေါ်နယ်ထရန့်က စည်းရုံးလှုံဆော်နေစဥ်အတွင်း ယခု တရားစွဲဆိုမှုရှိလာခဲ့ပါတယ်။
(Photo: AFP)
အမေရိကန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုအပေါ် ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး သမ္မတထရန့်ကို ဝေဖန်နေကြပြီး ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ထရန့်ရဲ့ ရီပတ်ဘလစ်ကင်ပါတီက ဦးဆောင်တဲ့ မစ်ဆူရီပြည်နယ်က တရုတ်အစိုးရထံမှ ပမာဏ သတ်မှတ်မထားတဲ့ လျော်ကြေးငွေရရှိရန် ပြည်ထောင်စုတရားရုံးကို ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုလိုက်ပါတယ်။
"တရုတ်အစိုးရက COVID-19 ရဲ့ အန္တရာယ်နဲ့ ကူးစက်မြန်တဲ့ သဘာဝဗီဇနဲ့ပတ်သက်ပြီး ကမ္ဘာကို လိမ်လည်ခဲ့တယ်၊ အဲဒီအကြောင်း ဖွင့်ချသူတွေကိုလည်း နှုတ်ပိတ်စေခဲ့ပြီး ရောဂါကူးစက်ပျံ့နှံ့မှု ရပ်တန့်ဖို့ အနည်းအကျဥ်းသာ လုပ်ဆောင်ခဲ့တယ်၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သူတို့ တာဝန်ခံရမယ်" လို့ မစ်ဆူရီရှေ့နေချုပ်က ပြောပါတယ်။ ဧပြီ ၂၁ ရက်နေ့အထိ မစ်ဆူရီပြည်နယ်မှာ COVID-19 ကြောင့် ၁၈၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
COVID-19 ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုက ထိုဗိုင်းရပ်စ်ဟာ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့ဖွယ်ရှိကြောင်း ထင်မြင်ယူဆမှုတွေ ရှိနေပါတယ်။
တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ ဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း ပြောထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၁၉,၁၇၅ ဦးနဲ့ သေဆုံးသူ ၄၅,၃၄၃ ဦးအထိ မြင့်တက်နေခဲ့ကာ ပြန်လည်သက်သာသူ ၈၂,၉၇၃ ဦး ရှိခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 ဂယက်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွင်းအထိ အလုပ်လက်မဲ့ဦးရေ သန်း ၂၀ ကျော်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။