တစ်ရက်အတွင်း ဝန်ထမ်းတွေကို ကိုဗစ်ဖြစ်စဉ် သတိပေးရမှာပါ

လုပ်ငန်းခွင်အတွင်း ကိုဗစ်ဖြစ်ပွားမှုအကြောင်း ဝန်ထမ်းတွေကို အသိမပေးဘဲ သတင်းထိမ်ချန်ခဲ့တဲ့ Amazon ကုမ္ပဏီကို ကယ်လီဖိုးနီးယားရှေ့နေချုပ်ရုံးက အမှုဖွင့်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

ကယ်လီဖိုးနီးယား လုပ်ငန်းခွင်အတွင်း COVID-19 ဖြစ်ပွားမှုအရေအတွက်ကို ဝန်ထမ်းတွေ မသိအောင် ဖုံးကွယ်ခဲ့တာကြောင့် ဒဏ်ကြေး ဒေါ်လာ ၅ သိန်း ရိုက်ခဲ့တာလို့ The Verge သတင်းက ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒဏ်ကြေးပေးဖို့ သဘောတူခဲ့ပြီး ကိုဗစ်ခြေရာခံမှု အဆင့်မြှင့်တင်ဖို့ ၊ ဝန်ထမ်းတွေနဲ့ ဒေသကျန်းမာရေးအေဂျင်စီတွေဆီ အသိပေးမှု လုပ်ဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ 




Photo: The Guardian

Amazon လုပ်ငန်းခွင်အတွင်း ကိုဗစ်ဖြစ်ပွားမှု အရေအတွက် အတိအကျကို တစ်ရက်အတွင်း သိုလှောင်ရုံဝန်ထမ်းတွေကို အကြောင်းကြားရမယ်လို့လည်း ကယ်လီဖိုးနီးယား ရှေ့နေချုပ်ရုံး ဘော့ပ်ဘွန်တာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် ကပ်ဘေးအတွင်းမှာ Amazon ဟာ ကိုဗစ်ဖြစ်ပွားမှုပမာဏကို သိုလှောင်ရုံဝန်ထမ်းတွေနဲ့ ဒေသကျန်းမာရေးအာဏာပိုင်တွေကို အသိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဘွန်တာက ပြောပါတယ်။ Amazon ဟာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း သိုလှောင်ရုံဝန်ထမ်း သိန်းနဲ့ချီ ခန့်အပ်ထားတာ ဖြစ်ပါတယ်။ 

ဒေသကျန်းမာရေးအာဏာပိုင်တွေကိုတော့ Amazon ကုမ္ပဏီအတွင်း ကိုဗစ်ဖြစ်ပွားမှုအသစ်တွေကို ၄၈ နာရီအတွင်း အသိပေးဖို့ တရားရုံးအမိန့်မှာ ဖော်ပြထားပြီး ကယ်လီဖိုးနီးယားစားသုံးသူရေးရာကာကွယ်ရေးဥပဒေအရ ဒဏ်ကြေး ဒေါ်လာ ၅ သိန်း ပေးဆောင်ရမှာပါ။ ဒီအမှုဟာ ကိုဗစ်ကပ်ကို တုံ့ပြန်ဖို့ မနှစ်က အတည်ပြုလိုက်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ COVID ဖြစ်ပွားမှုအကြောင်း သိပိုင်ခွင့်ဥပဒေ Assembly Bill 685 နဲ့ ပထမဆုံး ဒဏ်ရိုက်လိုက်တဲ့ အမှုလည်း ဖြစ်ပါတယ်။ 

Photo: Los Angeles Times

မတ်လထဲမှာပဲ မစ်ချီဂန်သိုလှောင်ရုံဝန်ထမ်းတွေဟာ သူတို့နဲ့ လုပ်ဖော်ကိုင်ဖက် COVID-19 ကူးစက်ခံထားရကြောင်း အသိမပေးခဲ့တဲ့ Amazon ပေါ် ဒေါသပေါက်ကွဲခဲ့သလို နယူးယော့ခ်ရှိ Amazon ဝန်ထမ်းတွေဟာ ကပ်ဘေးအတွင်း ကုမ္ပဏီရဲ့ ပြုမူဆက်ဆံပုံကို မကျေနပ်တာကြောင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေး လူတိုင်းနီးပါး ထိုးနှံပြီးတာကြောင့် Amazon ဟာ ကာကွယ်ဆေးထိုးပြီးသူများအတွက် မဖြစ်မနေ Mask တပ်ဖို့ ညွှန်ကြားချက် ပယ်ဖျက်ခဲ့သလို ၂၀၂၂ မှာ ရုံးပြန်တက်ကြဖို့ပါ စီစဉ်ထားပါတယ်။

Share

Loading Next Article...
က္က