နိုင်ဂျီးရီးယားနိုင်ငံက ဗြိတိန်ကုမ္ပဏီတစ်ခုရဲ့ လေယာဥ်တစ်စီးကို COVID-19 ထိန်းချုပ်ရေး လေကြောင်းပျံသန်းမှု ပိတ်ပင်ကန့်သတ်ချက် ချိုးဖောက်မှုဖြင့် ဖမ်းဆီးသိမ်းယူထားကြောင်း လေကြောင်းပျံသန်းရေးဆိုင်ရာဝန်ကြီးက မေ ၁၇ ရက်မှာ ပြောပါတယ်။
နိုင်ဂျီးရီးယားက နိုင်ငံကနေ လူတွေကို ရွှေ့ပြောင်းမှုနဲ့ ၎င်းတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူမှုကလွဲပြီး အခြား ခရီးသည်တင်လေယာဥ်များ ဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ အဆိုပါ ပိတ်ပင်မှုဟာ အနည်းဆုံး ဇွန်လ ၄ ရက်အထိလည်း ဖြစ်ပါတယ်။ အစားအစာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ခြင်းကဲ့သို့ မရှိမဖြစ် လုပ်ငန်းများအတွက်သာ နိုင်ငံအတွင်း လေယာဥ်ဝင်ရောက်မှုကို နိုင်ဂျီးရီးယားက ခွင့်ပြုထားပါတယ်။
(ဝန်ကြီး Hadi Sirika) (Photo: Afolabi Sotunde/Reuters)
လေယာဥ်တစ်စီးဟာ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဖမ်းဆီးသိမ်းယူထားကြောင်း နိုင်ဂျီးရီးယား လေကြောင်းပျံသန်းရေးဆိုင်ရာဝန်ကြီး Hadi Sirika က Twittr မှာ ပြောထားပါတယ်။ ဗြိတိန်ကုမ္ပဏီတစ်ခုကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံအတွင်း ၎င်းတို့ရဲ့ လေယာဥ်ကို ဝင်ထွက်ခွင့်ပြုထားခဲ့ကြောင်း၊ သို့သော် ထိုလေယာဥ်က စီးပွားဖြစ်လေကြောင်းခရီးစဥ်များ ပျံသန်းခဲ့တာကို ဖမ်းမိခဲ့ကြောင်း ဝန်ကြီးကဆိုပါတယ်။
(နိုင်ဂျီးရီးယား အပြည်ပြည်ဆိုင်ရာလေဆိပ်) (Photo: Temilade Adelaja/Reuters)
"လေယာဥ်ကို သိမ်းယူထားပါတယ်၊ လေယာဥ်အမှုထမ်းတွေကို စစ်ဆေးမေးမြန်းနေပါတယ်၊ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်သွားမှာပါ" လို့ Hadi Sirika က Twitter မှာ ပြောပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေကြောင်းပျံသန်းရေးဆိုင်ရာ ဝန်ကြီးဌာရဲ့ ပြောခွင့်ရအမျိုးသားက Reuters သတင်းဌာနကို ဖုန်းဖြင့်ဖြေကြားမှုအရ ဖမ်းဆီးသိမ်းယူထားတဲ့ လေယာဥ်ဟာ FlairJet အမည်ရှိ ဗြိတိန်ကုမ္ပဏီမှဖြစ်ကြောင်း သိရပါတယ်။ FlairJet ကိုယ်စားလှယ်တွေကတော့ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီးမေးလ် သို့မဟုတ် ဖုန်းဆက်သွယ်မှုကို တစ်စုံတရာ တုံ့ပြန်ခြင်းမရှိခဲ့ကြောင်း Reuters က ဖော်ပြထားပါတယ်။