ကျန်းမာရေး ဆွေးနွေးပွဲ အစီအစဉ်တွေလုပ်နေတယ်။

အဆိုတော်တစ်ယောက်လည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်သူ ဖြိုးပြည့်စုံဟာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖြစ်ပေါ်ဖို့ တတ်နိုင်တဲ့ဘက်က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

Photo: Phyo Pyae Sone



အဆိုတော် ဖြိုးပြည့်စုံကတော့ COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက်သာမက ဆရာဝန်တစ်ဦးလည်း ဖြစ်တာကြောင့် ဒီအစီအစဉ်မှာ ပါဝင်ဖြစ်နေတဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျန်းမာရေးနဲ့ ပတ်သက်ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစီအစဉ်နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေပါဝင်ဆွေးနွေးမှုတစ်ခု လုပ်ထားတယ်။ အစ်ကို့အစီအစဉ်မှာတော့ ကိုစိုင်းစိုင်းခမ်းလှိုင်ရယ်၊ ဆရာမဂျူးရယ်၊ အစ်ကိုရယ်က COVID-19 နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မပြန့်ပွားရေး၊ သတင်းအမှန်သာ ပရိသတ်ဆီရောက်ရှိရေးအတွက် အစ်ကိုတို့ အနုပညာရှင်တွေဘက်က ဘယ်လို ပါဝင်ကြမလဲ၊ တာဝန်ရှိတဲ့လူကြီးတွေကရော ဒါတွေကို ဘယ်လို အရေးယူသွားမယ်ဆိုတာကို ပရိသတ်သိအောင် ဆွေးနွေးသွားမှာပါ” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က V7 Entertainment နဲ့တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Phyo Pyae Sone

ဖြိုးပြည့်စုံဟာ သူချစ်ရတဲ့ ပရိသတ်တွေလည်း COVID-19 ကူးစက်ရောဂါ မပြန့်ပွားစေဖို့ အတူပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဆိုလာပါတယ်။ ကာကွယ်ရမယ့် အကြောင်းအရာတွေကိုလည်း သိထားပြီးသားဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။ 

“ COVID-19 ကို အတူတူကာကွယ်ကြမယ်။ အားလုံးလည်း အခုလောက်ဆိုရင် ဘယ်လို နည်းနဲ့ ကာကွယ်ကြမယ်၊ ရောဂါရဲ့ အခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို သိလောက်ပါပြီ။ အထိုက်အလျောက် ပညာပေးမယ့် ကဏ္ဍတွေလည်းရှိတယ်၊ အစ်ကိုတို့လည်း ပါဝင်သွားမယ်။ ဟောပြောပွဲ၊ ဆွေးနွေးတာတွေလည်း ရိုက်ကူးနေတာတွေရှိတယ်။ အွန်လိုင်းမှာ အစ်ကို Post လေး တစ်ခုတွေ့လိုက်တယ် ဆရာဝန်တစ်ယောက်က Mask လေး တပ်ပြီးတော့ ငါ နင်တို့အတွက် ဆေးရုံမှာ အလုပ်လုပ်နေတယ်၊ နင်လည်း ငါတို့အတွက် အိမ်ထဲမှာ နေပေးပါဆိုတဲ့ သဘောပေါ့နော်။ COVID-19 မဖြစ်အောင် မိမိက အစ ကာကွယ်ပါလို့ ပြောချင်ပါတယ်" လို့လည်း ဆက်လက် ဖြေဆိုခဲ့ပါသေးတယ်။ 

Photo: Phyo Pyae Sone

အဆိုတော် ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " မျှော်နိုင်သမျှ" အခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် "ကြည့်ချင်ပွဲ" ၊ "အချစ်များစွာ နှင့်" ၊ " မျှော်လင့်ချက်လေး" ၊ "အလွမ်းမှတ်တိုင်" ၊ "သင်္ကြန်လေညှင်း လုလင်" ၊ "မျက်ရည်မိုး" ၊ "ကြယ်"၊ "လတ်တလော လှုပ်ရှားမှု"၊ " နွေရာသီခရီး" နှင့် " နှစ်သစ်ရောက်ပြီ" ဆိုတဲ့ Single Song လေးတွေလည်း ထွက်ရှိပြီးခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က