အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဟာ SAISAI Birthday Show ကရခဲ့တဲ့ အလှူငွေ သိန်း (၈၀၀) ထဲကနေ သိန်း(၃၀၀)ကို Covid -19 အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပါတယ်။
Photo : Sai Sai
ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစိုင်းက သူ့ရဲ့ Birthday Show ကငွေ ရခဲ့တဲ့အလှူငွေတွေ ထဲကမှ ငွေကျပ် သိန်း(၃၀၀) ကို Covid -19ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ပြန်လှူခဲ့တယ်လို့ ဆိုပါတယ်။
“ရရှိတဲ့အလှူငွေများထဲက ငွေကျပ် သိန်း ၃၀၀ ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါတယ် ။ ဒီအလှူငွေတွေဟာ ကပ်ရောဂါထိန်းချုပ်ရေးအလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ စိုင်းစိုင်းက သူရဲ့ဖေ့စ်ဘွတ်မှာ ဧပြီ(၁၃) ရက်နေ့ က ရေးသားထားတာဖြစ်ပါတယ်။
Photo : Sai Sai
စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ပွဲကနေ ပရိသတ်တွေ၊မိတ်ဆွေတွေအားလုံးအလှူငွေ ဝိုင်းဝန်းထည့်ခဲ့ကြတာကြောင့် အခုချိန်ထိ အလှူငွေ သိန်း(၈၀၀)ခန့် ရရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
သိန်း(၃၀၀)ကို Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကို လှူခဲ့သလို ကျန်တဲ့ငွေကြေးတွေကိုလည်း လိုအပ်တဲ့နေရာတွေမှာ ဆက်လက်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နှစ်စဥ်နှစ်တိုင်း မွေးနေ့ပွဲကို ပရိသတ်တွေများစွာနဲ့ အတူတူဖြတ်သန်းလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ဒီနှစ်မွေးနေ့ပွဲမှာတော့ Covid - 19 ရောဂါကြောင့် အိပ်ခန်းထဲကနေ သူ့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရပါတယ်။ ဒီလို ဖျော်ဖြေခဲ့ရာမှာလည်း ပရိသတ်တွေအတွက် အားရကျေနပ်စရာကောင်းတဲ့ ရှိုးပွဲ တစ်ခု ဖြစ်ခဲ့တာလည်း လူမှု့ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။
Photo : Sai Sai
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။