တော်တော်လေးကို ဒုက္ခရောက်ကြပါတယ်။

ဗေဒါကတော့ အလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြတဲ့ လူရွှင်တော်တွေ ရှိတယ်လို့ ဆိုလာပါတယ်။ 

Photo: Bay Dar



COVID-19 ကာလမှာ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေ ရပ်နားခဲ့ရတာကြောင့် လူရွှင်တော်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့အကြောင်း လူရွှင်တော် ဗေဒါက Duwun ကို ပြောပြလာပါတယ်။ 

“ လူရွှင်တော်တွေလည်း လူပဲလေနော်။ အနုပညာနဲ့ပတ်သက်ပြီး တချို့ဆို ဇာတ်ဆိုလည်း ဇာတ်တွေပဲ ကကြရတာပေါ့။ အငြိမ့်ဆိုလည်း အငြိမ့်ပဲ အပြင်စီးပွားရေးမရှိဘူး။ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်အပိုင်းပေါ့။ တချို့ အပြင်စီးပွားရေးတွေ မလုပ်ကြဘူး။ တစ်လ အလုပ်အကိုင်မရှိဘူးဆိုရင် တစ်ရက် ဝင်ငွေ ပုံမှန်ရနေတဲ့ သူက (၇) ရက်လောက်တွက်ကြည့်ရင် တော်တော်လေး ဒုက္ခရောက်သွားနိုင်တယ်” ဆိုပြီးတော့ မေလ (၂၅) ရက်နေ့က ဦးကျော်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Bay Dar

ဗေဒါ ဟာ အခုလက်ရှိမှာတော့ ရန်ကုန်လူရွှင်တော် ပရဟိတ အဖွဲ့ကြီးနဲ့ အတူ အခက်အခဲကြုံနေရတဲ့ လူရွှင်တော်တွေ အတွက် ကူညီပေးနေတယ်လို့ သူကဆိုပါတယ်။ 

“ အခုလို အလုပ်တွေ လှိုင်လှိုင်ကြီး နားလိုက်တဲ့ အချိန်မှာ ဒုက္ခရောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ ဇာတ်ကတဲ့ လူရွှင်တော်တွေ၊ အငြိမ့်ကတဲ့ လူရွှင်တော်တွေ ထဲမှာတောင် ဆိုးဆိုးရွားရွား ဒုက္ခရောက်ကြတဲ့ သူတွေရှိတယ်။ ဒါကို ရန်ကုန်လူရွှင်တော် ပရဟိတအနေနဲ့ သက်ကြီးဝါကြီးတွေနဲ့ လူငယ်တွေ အတွက် ရန်ပုံငွေ ရှာထားတာလေးတွေရှိတယ်။ ဒီငွေတွေနဲ့ လူရွှင်တော် သာရေးနာရေး အဖွဲ့အနေနဲ့ တစ်ဖက် တစ်လမ်းကနေ ကူညီပေးနေတာတွေရှိပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ဗေဒါကတော့ အနုပညာလောကထဲကို လူရွှင်တော် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာပြီး ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ဇာတ်ကားတွေ အများကြီးရိုက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် ချောရတနာ၊ သန္တာဗိုလ်တို့ရဲ့ အစ်ကို ဝမ်းကွဲ တော်စပ်သူဖြစ်တယ်လို့လည်း ချောရတနာက Duwun အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။ ဗေဒါရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ခန့်ရှိပါပြီ။ လက်ရှိအချိန်ထိလည်း လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်တွေ ကနေရသူ တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က