ရွှေထူးကတော့ စက်တင်ဘာလ(၁၉) ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။
Photo: Amazing Grace
စက်တင်ဘာလ(၁၉) ရက်နေ့ကတော့ အဆိုတော် ရွှေထူးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ Covid ကြောင့် အိမ်အပြင်ထွက်လို့ မရတဲ့ အတွက် အိမ်မှာနေရင်း ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ ဒီနေ့ကတော့ ကျွန်တော့်ရဲ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့ပါ။ မနက်(၆) နာရီလောက်ကတည်းက နိုးပြီးတော့ စံပယ်ပန်းဝယ်ပြီး ဘုရားမှာကပ်တယ်။ ပရိသတ်တွေအတွက်လည်း ဆုတောင်းပေးထားပါတယ်။ အားလုံးလည်း သာဓုခေါ်ပေးလို့ရပါတယ်။ မွေးနေ့မှာ Covid ကလည်းဖြစ်နေတော့ အပြင်လဲ လျှောက်သွားလို့ မရသလို လုပ်ထားတဲ့ Plan တွေလည်း အကုန်ဖြတ်လိုက်ရတယ်။ ဒီနှစ်မွေးနေ့ကတော့ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရဘူးပေါ့။ မနေ့ကတော့ မိဘတွေ၊ ယောက္ခမတွေကိုလည်း ကန်တော့ပြီးပါပြီ” ဆိုပြီးတော့ စက်တင်ဘာလ(၁၉) ရက်နေ့ မနက်(၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။
Photo: Halography
ရွှေထူးဟာ ဂီတအလုပ်တွေ လုပ်ခဲ့တာ အခုဆိုရင် (၁၀) စုနှစ် တစ်ခုကို ရှိလာပြီဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအပေါ် သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။
“ ကျွန်တော် လဲကျတဲ့အချိန်၊ စိတ်ညစ်တဲ့ အချိန်တွေမှာ ကျွန်တော့်ကို ချစ်ပေးကြတဲ့သူတွေ၊ အနားမှာ ရှိပေးကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အရင်တုန်းက အားပေးတဲ့ ပရိသတ်တွေ စိတ်တိုရသလို၊ အားမလို အားမရ ဖြစ်ရသလိုမျိုး ကျွန်တော့်ကိုယ်ကျွန်တော် ဖြစ်ခဲ့ရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ သီချင်းတွေ ရှေ့လျှောက် ထပ်ပြီးတော့ ထုတ်ဖို့ရှိပါသေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: Shwe Htoo
လက်ရှိမှာ ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။