ကမ္ဘာကျော်ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange တစ်ခုဖြစ်တဲ့ Binance တို့ ပေါင်းပြီး NFT စုဆောင်းမှုတစ်ခု စတင်လိုက်ပြီ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားဖွင့်ပွဲမတိုင်ခင် တစ်ရက်မှာပဲ ရော်နယ်ဒိုနဲ့ Binance တို့ နှစ်ရှည် Partnership လုပ်ပြီး ရော်နယ်ဒိုရဲ့ ပထမဆုံး NFT Collection သစ်ကို ကြေညာလိုက်တာပါ။ Binance နဲ့ ရော်နယ်ဒိုတို့ မိတ်ဆက်လိုက်တဲ့ NFT စုဆောင်းမှုကို CR7 NFT Collection လို့ နာမည်ပေးထားပြီး Binance ရဲ့ NFT marketplace ပေါ်မှာပဲ သီးသန့်ဖြန့်ချိလိုက်တာလို့ ဆိုပါတယ်။ CR7 NFT Collection မှာ ရော်နယ်ဒိုရဲ့ အားကစားသမားဘဝတစ်လျှောက် အထင်ကရအဖြစ်ဆုံး အခိုက်အတန့်တွေကို ကိုယ်စားပြုတဲ့ NFT ၇ ခု ပါပြီး ရှားပါးမှု Level အနေနဲ့ Super Super Rare (SSR) ၊ Super Rare (SR) ၊ RARE (R) နဲ့ Normal (N) ဆိုပြီး ၄ ဆင့်နဲ့ စီစဉ်ထားပါတယ်။
Photo: Binance
ရှားပါးမှုအဆင့်ပေါ်လိုက်ပြီး ရော်နယ်ဒိုရဲ့ ကိုယ်ရေးကိုယ်တာ မက်ဆေ့တစ်ခုတို့ လက်မှတ်ထိုးထားတဲ့ပစ္စည်းတစ်ခုခုတို့ ပါဝင်မှာ ဖြစ်ပါတယ်။ Binance မှာ user သစ်အနေနဲ့ မှတ်ပုံတင်လာသူတွေထဲက ပထမဆုံး ၁.၅ သန်းအတွက်လည်း CR7 Mystery Box နာမည်နဲ့ giveaway တစ်ခု ပေးဖို့ ရှိပါတယ်။ box တစ်ခုချင်းစီမှာ ကျောက်တုံးကာလာ mystery-box နဲ့ ရော်နယ်ဒို NFTs နှစ်မျိုးထဲက တစ်ခုစီ ရမှာ ဖြစ်ပြီး လက်ဆောင်ယူဖို့ RONALDO ဆိုတဲ့ ကုဒ်ကို အသုံးပြုဖို့လည်း ပြောထားပါတယ်။
Binance ဟာ CR7 NFT Collection အပြင် SSR ၅ ခု ၊ SR ၄၀ ပါတဲ့ တန်ဖိုးအမြင့်ဆုံး NFTs ၄၅ ခုကို NFT Marketplace ပေါ်မှာ ၂၄ နာရီ လေလံပွဲတစ်ခု ကျင်းပဖို့လည်း ရှိပါတယ်။ လေလံအတွက် လေလံကြေးဟာ SSR အမျိုးအစားအတွက် ကြမ်းခင်း BUSD ၁၀၀၀၀ နဲ့ SR အတွက် BUSD ၁၇၀၀ ကနေ စတင်သွားဖို့လည်း စီစဉ်ထားပါတယ်။ ကျန်တဲ့ NFTs ၆၆၀၀ ထဲမှာ R အဆင့် NFT ၆၀၀ နဲ့ N အဆင့် NFT ၆၀၀၀ ပါရှိပြီး BUSD ၇၇ ဈေးကနေ စတင်သွားမှာပါ။ BUSD ဆိုတာ ကန်ဒေါ်လာနဲ့ တန်ဖိုးကိုက် stablecoin အမျိုးအစား ဖြစ်ပါတယ်။
ဘလွန်းဒီအော ၅ ဆုရှင်ဘောလုံးအကျော်အမော်တစ်ယောက်နဲ့အတူ မားကတ်တင်းကမ်ပိန်းတစ်ခု လုပ်နိုင်ခဲ့တဲ့အပေါ် Binance ပူးတွဲတည်ထောင်သူနဲ့ မားကတ်တင်းအမှုဆောင်အရာရှိချုပ် ဟီယိကလည်း "Blockchain ကို လူတွေပိုနားလည်လာအောင် ခရစ္စတီယာနိုနဲ့ အတူ လက်တွဲခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း နဲ့ ကုမ္ပဏီရဲ့ အားကစားနဲ့ ဖျော်ဖြေရေးကဏ္ဍအတွက် Web3 Infrastructure တည်ဆောက်မှုကို ချပြခွင့်ရကြောင်း" ပြောသွားခဲ့ပါတယ်။