crypto အရောင်းအဝယ်လုပ်တာ ၊ mining လုပ်တာတွေကို တင်းတင်းကြပ်ကြပ် ပိတ်ပင်တားမြစ်သွားမယ်လို့ တရုတ်ဗဟိုဘဏ်က ဆိုပါတယ်။
ဗဟိုဘဏ်အနေနဲ့ Bitcoin အပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးလှုပ်ရှားမှုအားလုံး တရားမဝင်ကြောင်းနဲ့ Cryptocurrency ဈေးကွက်ကို ဖြိုခွဲမှုလုပ်သွားမယ့်အကြောင်းကို ထပ်လောင်းပြောကြားခဲ့တာပါ။ တရုတ်ပြည်သူ့ ဗဟိုဘဏ် PBOC ဝက်ဘ်ဆိုက်ရဲ့ Q&A ကဏ္ဍမှာ Virtual Currencies တွေနဲ့ ပတ်သက်တဲ့ ကူးသန်းရောင်းဝယ်မှုတွေ ၊ အရောင်းအဝယ်အော်ဒါတင်တာတွေ ၊ တိုကင်ထုတ်ပေးတာနဲ့ ဖလှယ်ပေးတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်ပြည်မကြီးအတွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံခြား Crypto Exchange တွေလည်း တရားမဝင်ဘူးလို့ PBOC က ဆိုပါတယ်။
Photo: CNBC
"ပြည်တွင်းက နေထိုင်သူတွေကို အင်တာနက်သုံးပြီး ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပ Virtual Currency Exchanges ရုံးတွေကို တရားမဝင် ငွေကြေးလုပ်ဆောင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ "လို့ ဗဟိုဘဏ်က ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီ Crypto Exchanges တွေမှာ အလုပ်လုပ်သူတွေကိုလည်း စုံစမ်းစစ်ဆေးသွားမှာပါ။ PBOC အနေနဲ့ Crypto နဲ့ ဆက်စပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စောင့်ကြည့်ဖို့နဲ့စွန့်စားမှုများလွန်းတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အမြစ်ဖြတ်နိုင်ဖို့ ၎င်းရဲ့ Systems တွေကိုလည်း အဆင့်မြှင့်ထားတယ်လို့လည်း ဆိုပါတယ်။
Bitcoin နဲ့ တခြား Virtual Currency ငွေကြေးလွှဲပြောင်းမှုတွေဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်ကို ထိခိုက်စေပြီး တရားမဝင် ရံပုံငွေကောက်ခြင်း ၊ ငွေကြေး ခဝါချခြင်း ၊ လိမ်လည်မှု ၊ ပိရမစ်ပုံစံ အဆင့်ဆင့် ခေါင်းပုံဖြတ်မှု နဲ့ တခြား တရားမဝင်ဘဲ ပြစ်မှုမြောက်တဲ့ လုပ်ဆောင်မှုတွေကို ဦးတည်စေတယ်လို့ PBOC က ဆိုပါတယ်။ တရုတ်နိုင်ငံအတွင်း လုပ်ဆောင်နေသမျှ Crypto ငွေလွှဲငွေပြောင်း အားလုံးကို ရာဇဝတ်မှုမြောက်တဲ့ ဘဏ္ဍာရေးလုပ်ဆောင်မှုတွေအဖြစ် ကြေညာထားပါတယ်။
တရုတ်ဗဟိုဘဏ်ဟာ အစောပိုင်းကတည်းက Bitcoin လိုမျိုး ဒစ်ဂျစ်တယ်ငွေကြေစနစ်ကို တရားမဝင်ကြောင်း သတ်မှတ်ထားပြီး အရေးယူဖို့ လုပ်ဆောင်နေတာပါ။ နှစ်ဆန်းပိုင်းကပဲ လျှပ်စစ်ဓါတ်အား အလန်အကျွံသုံးတဲ့ Crypto Mining လုပ်မှုတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း ဘဏ္ဍာရေးအဖွဲ့အစည်းနဲ့ ဘဏ်မဟုတ်တဲ့ ငွေပေးချေရေး အဖွဲ့အစည်းတွေဟာ virtual currency နဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ချက်တွေ ဝန်ဆောင်မှု မပေးရဘူးလို့ သတိပေးထားပါတယ်။ တစ်ဖက်မှာလည်း PBOC ဟာ Digital Yuan နာမည်နဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖန်တီးထားပါတယ်။
Photo: Nikkei Asia
PBOC ရဲ့ သတိပေးချက်ထွက်လာပြီးနောက် Bitcoin ဈေးဟာ ၂၄ နာရီအတွင်း ၆.၅% ကျော် ကျဆင်းသွားခဲ့ပြီး ၄၁၈၈၂ ဒေါ်လာ ပတ်လည်လောက်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ Coin Metrics ရဲ့ အချက်အလက်တွေက ဆိုပါတယ်။ ဒုတိယအကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်တဲ့ Ethereum လည်း ၂၈၆၇ ဒေါ်လာဈေးနဲ့ ၉% ခန့် ကျဆင်းသွားခဲ့ပါတယ်။
Crypto လုပ်ငန်းတွေ အရေးယူမှုဟာ ဘေဂျင်းရဲ့ ရာသီဥတုဆိုင်ရာ မျှော်မှန်းချက်တွေ ပြည့်မှီရေးနဲ့လည်း ဆိုင်နေပါတယ်။ လက်ရှိကမ္ဘာ့အကြီးဆုံး ကာဗွန်စွန့်ထုတ်တဲ့ နိုင်ငံဖြစ်နေတဲ့ တရုတ်ဟာ လာမယ့် ၂၀၆၀ မှာ ကာဗွန်ထုတ်လုပ်မှုမရှိတဲ့အခြေအနေကို ရောက်ဖို့ ရည်မှန်းထားပါတယ်။