ပြင်သစ်အခြေစိုက် CS:GO အသင်း Team Vitality ရဲ့ အသင်းခေါင်းဆောင် ALEX ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် အသင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။
Team Vitality ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့ပြီး ALEX ကတော့ ၂၀၁၈ ဒီဇင်ဘာလမှာ အသင်းကိုရောက်ရှိလာခဲ့တာပါ။ ALEX ဟာ NBK- ကိုထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ Team Vitality ရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး အဲဒီကာလတွေမှာ အသင်းနဲ့အတူ အောင်မြင်မှုမြောက်များစွာကို ရယူနိုင်ခဲ့ပါတယ်။
ALEX တစ်ယောက် အောင်မြင်မှုတွေကိုစွန့်လွှတ်ပြီး အသင်းကထွက်ခွာရတဲ့ အဓိကအကြောင်းအရင်းကတော့ ကြပ်တည်းလှတဲ့ ပွဲချိန်ဇယားတွေကြောင့်ပါပဲ။ ALEX ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်လုံး အမိနိုင်ငံပြင်သစ်မှာ နေရတဲ့အချိန် ဆိုလို့ ၃ လခန့်သာ ရှိခဲ့ပြီး ကျန် ၉ လစလုံး ကမ္ဘာအနှံ့အပြားမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေခဲ့ရတာပါ။
ယခု ၂၀၂၀ မှာတော့ ၆ လခန့်အနားရဖို့မျှော်လင့်ခဲ့ပေမယ့် BLAST Premier ပြိုင်ပွဲနဲ့ ESL Pro Tour ပြိုင်ပွဲတွေကြောင့် အနားယူချိန်ဟာ အရင်နှစ်လိုပဲ နည်းပါးဦးမှာဖြစ်ကြောင်း သိရှိသွားပြီးတဲ့နောက်ပိုင်းမှာတော့ အသင်းကနေနှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
အနားယူချိန်နည်းပါးတဲ့ပြဿနာဟာ ALEX တစ်ယောက်တည်းတင်မဟုတ်ဘဲ Tier အသင်းတွေမှာကစားတဲ့ CS:GO ပရော်ဖက်ရှင်နယ်ကစားသမားတိုင်း ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါ။ CS:GO ပရော်ဖက်ရှင်နယ်အသင်းတွေဟာ တစ်နှစ်ကို LAN ပြိုင်ပွဲ ၁၂ ပွဲနဲ့အထက် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတာကြောင့် ကစားသမားတွေဟာလည်း တစ်နှစ်ပတ်လည်လုံး အချိန်ပြည့်ခရီးထွက်နေရတာပဲဖြစ်ပါတယ်။ Dota 2 မှာလည်း အလားတူပြဿနာကို အရင်က ကြုံတွေ့ခဲ့ဖူးပြီး နောက် Season တစ်ခုမှာ ချက်ချင်းပြန်ပြင်ဆင်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ Team Vitality ဟာ ALEX နေရာမှာ အသက် ၁၇ နှစ်သာရှိသေးတဲ့ misutaaa ကိုအစားထိုးခဲ့ပြီး အသင်းခေါင်းဆောင်နေရာကိုတော့ apEX ကိုပေးအပ်လိုက်ပြီဖြစ်ပါတယ်။ အသစ်ဝင်ရောက်လာတဲ့ misutaaa ဟာလည်း အခြားအသင်းသားတွေလိုပဲ ပြင်သစ်နိုင်ငံသားဖြစ်တာကြောင့် National Team အဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။
Team Vitality ရဲ့လကရှိကစားသမားအပြည့်အစုံကတော့ -
RpK
apEX
ZywOo
Shox
misutaaa တို့ပဲဖြစ်ပါတယ်။
Team Vitality ဟာ မတ်လ ၁၆ ရက်နေ့မှာကျင်းပမယ့် ESL Pro League Season 11 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ကစားသမားအသစ်အစားထိုးပြီးနောက်ပိုင်းလက်စွမ်းကို သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။
Written by Myo Thant Kyaw