ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပြီ ဖြစ်ပါတယ်

ကွန်ပျူတာခေတ်ဦးပိုင်း ပညာရှင်များထဲက ထင်ရှားသူတစ်ဦးဖြစ်တဲ့ လာရီတက်စ်လာဟာ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင် လာရီတက်စ်လာ ကွယ်လွန်ကြောင်းကို သူအလုပ်လုပ်ခဲ့ဖူးတဲ့ Xerox ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က Twitter မှာ ကြေညာခဲ့ပါတယ်။ Tweet မှာ "cut/copy နဲ့ paste , Find& Replace အစရှိတဲ့ တီထွင်မှုများ လုပ်ဆောင်ခဲ့သူ လာရီ တက်စ်လာဟာ Xerox ရဲ့ သုတေသီဟောင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တော်လှန်ပြောင်းလဲလိုက်တဲ့ အတွေးအခေါ်တွေကြောင့် သင့်ရဲ့ အလုပ်ခွင်ဟာ ပိုမို လွယ်ကူလာပါတယ်။ လာရီဟာ တနင်္လာနေ့မှာ ဘဝတစ်ပါး ပြောင်းသွားပါတယ်" လို့ ဖော်ပြထားပါတယ်။

Photo: Teller Report


တက်စ်လာဟာ ကွန်ပျူတာနဲ့ လူတိုင်းအလှမ်းမမှီသေးတဲ့ ၁၉၆၀ နှစ်ဦးကာလများကတည်းက ဆီလီကွန်ဗယ်လိမှာ အလုပ်စဝင်သူ ဖြစ်ပါတယ်။ တက်စ်လာရဲ့ ထင်ရှားတဲ့ ဆန်းသစ် တီထွင်မှုက Cut , Copy နဲ့ Paste ဆိုတဲ့ commands တွေ တီထွင်ခဲ့မှု ဖြစ်ပြီး ဒီတီထွင်ချက်ဟာ တစ်ကိုယ်ရေကွန်ပျူတာ သုံးစွဲမှုကို ပိုမိုရိုးရှင်းမြန်ဆန်စေခဲ့ပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ်ထွက် တက်စ်လာဟာ လူနဲ့ ကွန်ပျူတာအပြန်အလှန်ဆက်သွယ်မှုမှာ ထူးချွန်သူ ဖြစ်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေကို Amazon ၊ Apple ၊ Yahoo နဲ့ Xerox Palo Alto Research Center (PARC) တို့မှာ အသုံးချခဲ့သူ ဖြစ်တယ်လို့ Aljazeera သတင်းက ဆိုပါတယ်။ ကွန်ပျူတာကို လူတိုင်း လွယ်လွယ်နဲ့ အသုံးပြုနိုင်အောင် စတင်တဲ့ ခေတ်မှာ တက်စ်လာရဲ့ တီထွင်ချက်ဟာ အလွန်အရာရောက်ခဲ့ပါတယ်။

Photo: mpmania

၁၉၈၃ ခုနှစ်မှာ Apple ရဲ့ Lisa ကွန်ပျူတာပေါ်က ဆော့ဖ်ဝဲလ်မှာ စတင် အသုံးပြုပြီးနောက် တက်စ်လာရဲ့ command တွေဟာ ထင်ရှားလာခဲ့ပါတယ်။ တက်စ်လာဟာ ၁၉၇၉ ခုနှစ်မှာ Xerox PARC ကို လာရောက်လေ့လာတဲ့ စတိဗ်ဂျော့စ်နဲ့ စတင်တွေ့ဆုံခဲ့ပြီးနောက် ၁၉၈၀ မှာ Apple မှာ အလုပ်ပြောင်းခဲ့ပါတယ်။

Apple မှာ တက်စ်လာဟာ ၁၇ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး သိပ္ပံပညာရှင်ချုပ်အဖြစ် ရာထူးတိုးခံခဲ့ရပါတယ်။ တက်စ်လာဟာ ပညာရေးဆိုင်ရာ startup တစ်ခုလည်း တည်ထောင်သွားခဲ့ပြီး Amazon နဲ့ Yahoo တို့မှာလည်း သုံးစွဲသူ အတွေ့အကြုံဆိုင်ရာ နည်းပညာပိုင်းနဲ့ အချိန်အတိုင်းအတာတစ်ခု ကြာအောင် အလုပ်လုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က