Tesla ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ပစ်ကပ်ကား CyberTruck အတွက် စိတ်ကူးယဉ်ဆန်လှတဲ့ ဇိမ်ခံကားဂိုထောင်တစ်မျိုးကို နယူးယော့ခ် ဒီဇိုင်းကုမ္ပဏီ Lars Buro က ကြေညာထားပါတယ်။
Cybunker ဟာ ခံတုတ်ကျင်းတစ်ခုလို အလွန့်လုံခြုံမှု ရှိပြီး ပြင်းထန်ဆိုးဝါးတဲ့ သဘာဝပတ်ဝန်းကျင်ဒဏ်တွေကနေ ကာကွယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ စတီးနဲ့ ပြုလုပ်ထားပြီး အလျား ၁၉.၃ ပေ ရှိတဲ့ CyberTruck ၂ စင်းထည့်ထားနိုင်အောင် ကျယ်ဝန်းတဲ့အပြင် နောက်ဘက်မှာ စတုရန်းပေ ၁၈၀၀ ပတ်လည် လူနေနိုင်တဲ့ အခန်းတစ်ခန်း ပါ Daily Mail သတင်းက ဆိုပါတယ်။
Photo: electrek
သပ်မြှောင့်တစ်ချောင်းစတိုင် ဒီဇိုင်းနဲ့ လာပြီး ရှေ့ခြမ်းဘက်မှာ ကားနဲ့ တစ်ခြား ပစ္စည်းအစိတ်အပိုင်းတွေ ထားရှိဖို့အတွက် စတုရန်းပေ ၆၀၀ ပတ်လည် ထားရှိပေးထားပါတယ်။ အနောက်မှာ လွတ်နေတဲ့ စတုရန်းပေ ၁၈၀၀ ပတ်လည်ကတော့ အိပ်ခန်း ၊ အလုပ်ခန်းနဲ့ ဧည့်ခင်း စသည်ဖြင့် ကားပိုင်ရှင်အတွက် ကိုယ်ပိုင်တိုက်ခန်းတစ်ခန်းလိုမျိုး ဖွဲ့စည်းထားတာပါ။
ဒီစတီး ဘန်ကာဟာ အလွန်တရား ဆိုးဝါးပြီး ဘေးအန္တရာယ်များပြားတဲ့ ပတ်ဝန်းကျင်တွေမှာ ကြံ့ကြံ့ခံနိုင်စေဖို့ အကြမ်းခံမှု မြင့်မားတဲ့ စတီးနဲ့ မှန်တွေ သုံးထားတဲ့ ဂိုထောင်ဖြစ်တယ်လို့ ဆိုပါတယ်။ Cybunker ဟာ CyberTruck ရဲ့ ဒီဇိုင်းနဲ့ အသားတကျ စီးမြောမှု ရှိအောင်ဒီဇိုင်းထုတ် ဖွဲ့စည်းထားတာ ဖြစ်ပြီး ပြင်ပကိုယ်ထည်က အတွင်းပိုင်းကို ထောက်ပံ့ထားတဲ့ ပုံစံနဲ့ လာတာပါ။
Photo: Motor1.com
အပေါ်နဲ့ ဘေးဘက်တွေမှာ ခေါက်လို့ရတဲ့ ဂိတ်တံခါးကြီးတွေ တပ်ဆင်ထားပြီး အပူဆုံး သဲကန္တာရတွေနဲ့ အအေးဆုံးဒေသတွေလိုမျိုး ကြမ်းတမ်းခက်ထန်တဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးတွေမှာ ခံနိုင်ရည်ရှိစေဖို့ ဖိအားချိန်ညှိမယ့် airlock တွေ ထည့်သွင်းပေးထားပါတယ်။ Cybunker ဟာ အမိုးမှာ Solar Panels ပြားတွေ တပ်ဆင်ထားတာကြောင့် CyberTruck လျှပ်စစ်ကားကို အားသွင်းပေးဖို့အတွက်လည်း ပူစရာလိုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Cybunker နံရံအတွင်း မြှပ်နှံထားတဲ့ ပြတင်းပေါက်တွေနဲ့ မျက်နှာကျက်တွေဟာ အလွန်အကြမ်းခံတဲ့ မှန်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဘေးပတ်ဝန်းကျင် မြင်ကွင်းကျယ်ကို လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်မှာ ဖြစ်သလို သဘာဝအလင်းကိုလည်း ကောင်းကောင်း ရမှာပါ။ Lars Buro ရဲ့ Cybunker ကတော့ CyberTruck ထုတ်လုပ်မှုမစခင် ၂၀၂၀ ကတည်းက ထုတ်လုပ်မှု လုပ်ဆောင်သွားဖို့ ရှိပြီး ဈေးနှုန်းကြေညာခြင်းတော့ မရှိသေးပါဘူး။