ကမ္ဘာပေါ်က အရှားပါးဆုံးနဲ့ တန်ဖိုးအကြီးဆုံးဆိုတဲ့ စူပါကားတွေနဲ့ ပတ္တရောင်လှည့်တဲ့ ဒူဘိုင်းရဲတပ်ဖွဲ့ဟာ လာမယ့် ၂၀၂၀ မှာ Tesla ထုတ် CyberTruck ကားတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က မိတ်ဆက်ပြသသွားတဲ့ Tesla CyberTruck ဟာ ၂၀၂၀ နောက်ပိုင်းမှာ ထုတ်လုပ်မှု စတင်မယ်လို့ ကြေညာထားပါတယ်။ ဒူဘိုင်းရဲတပ်ဖွဲ့ကတော့ ၂၀၂၀ ထဲမှာကို CyberTruck ကားတွေ သုံးသွားဖို့ ရှိပါတယ်။ ရဲတပ်ဖွဲ့ရဲ့ Twitter စာမျက်နှာထဲမှာ #CyberTruck Dubai Police-2020 ဆိုပြီး tweet တစ်ခု တင်ထားပါတယ်။
Photo: Engadget
ဒီ Tweet ထဲမှာ ဒူဘိုင်းရဲတပ်ဖွဲ့သုံး CyberTruck ဟာ ရဲတပ်ဖွဲ့တံဆိပ်နဲ့ အရောင်ခြည်ထားပါတယ်။ ဒူဘိုင်းရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်မှူးကြီး အဗ္ဗဒူလာ ခါလီဖာအယ်လ်မာရီရဲ့ အဆိုအရ CyberTruck တွေကို ဘာ့ဂျ် ခါလီဖာ နဲ့ ဂျူမိုင်ယာ့ကမ်းခြေလိုမျိုး ခရီးသွားဇုံတွေမှာ ကင်းလှည့်ရဲကားတွေအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။
ဒူဘိုင်းရဲတပ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး ယာဉ်အမျိုးမျိုးကို အသုံးပြုနေတဲ့ ရဲဌာနတစ်ခုဖြစ်ပြီး HoverBike မိုးပျံယာဉ်တွေကနေ ကမ္ဘာကျော် ဇိမ်ခံကားတွေ ဖြစ်တဲ့ Lamborghini Aventador အပါအဝင် အရေအတွက် အကန့်အသတ်နဲ့ထုတ်ထားတဲ့ Aston Martin One-77 ၊ Bentley Continental GTတစ်စင်း ၊ BMW i8s ကားနှစ်စင်းနဲ့Porsche Panamera S E-Hybrids သုံးစီးနဲ့Ferrari FF တို့ကိုလည်း သုံးနေပါတယ်။
ပိုလီဂွန်ပုံစံ ဒီလျှပ်စစ်ထရပ်ကားဟာ အကြမ်းခံမှု အလွန်မြင့်မားတဲ့ 30Xcold စတိန်းလတ်စတီး သုတ်ထားပြီး စစ်တပ်သုံး မှန်ပြတင်းပေါက်တွေ သုံးထားတယ်လို့ ကြေညာထားပါတယ်။ မိတ်ဆက်ပွဲမှာ ကားပြတင်းမှန်ကို စတီးဘောနဲ့ နှစ်ကြိမ် ပစ်ပေါက်ရာမှာတော့ နှစ်ကြိမ်စလုံး မှန်ကွဲခဲ့ပါတယ်။ CyberTruck ဟာ လူ ၆ ယောက် လိုက်ပါနိုင်ပြီး အထဲမှာ ၁၇ လက်မအရွယ် TouchScreen တစ်ခု ပါရှိပါတယ်။
Tesla ရဲ့ CEO အီလွန်မတ်စ်ကတော့ CyberTruck ဟာ Ford F-150 ထက် ပိုကောင်းတဲ့ ထရပ်ကားဖြစ်ပြီး Porsche 911 ထက်လည်း မြန်တယ်လို့ ပြောထားပါတယ်။ Tesla ဟာ CyberTruck ကို နောက်ယက် မော်တာ တစ်လုံးတပ် ၊ လေးဘီးယက် dual-motor နဲ့ tri-motor ဆိုပြီး ဗားရှင်း သုံးမျိုးနဲ့ ထုတ်ထားတာပါ။
Photo: cleantechnica
မော်တာတစ်လုံးတပ် ယာဉ်ဟာ ၄၀၂ ကီလိုမီတာကျော် သွားနိုင်ပြီး dual motor နဲ့ tri motor တို့ကတော့ ၄၈၂ ကီလိုမီတာကျော်နဲ့ ၈၀၅ ကီလိုမီတာကျော် သွားနိုင်မယ်လို့ ဆိုပါတယ်။ CyberTruck ကို အနည်းဆုံး ၃၉၉၀၀ ဒေါ်လာကနေ အများဆုံး ဒေါ်လာ ၆၉၉၀၀ အထိ ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အလိုအလျောက်မောင်းစနစ် ထည့်မယ်ဆိုရင် နောက်ထပ် ဒေါ်လာ ၇၀၀၀ ကျသင့်မှာပါ။
လက်ရှိမှာ CyberTruck ကားအတွက် အော်ဒါမှာထားသူ ၂ သိန်းခွဲကျော် ရှိနေပြီလို့ ဆိုပါတယ်။