ရုရှား ခရီးသည်တင်လေယာဉ်တစ်စီး မော်စကိုမြို့ရှိ လေဆိပ်တစ်ခုမှာ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ပျက်ကျခဲ့မှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: east2west News)
လေယာဉ်အတွင်း မီးလောင်မှုကြောင့် လေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်စဉ် မအောင်မြင်ဘဲ မီးလောင်ပျက်ကျခဲ့တယ်လို့ ကနဦး သတင်းတွေက ပြောခဲ့ပါတယ်။ ရုရှားသတင်းဌာန TASS က ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့မှုအရ လေယာဉ်မီးလောင်မှုအတွင်း ကလေးနှစ်ဦး အပါအဝင် လူ ၄၁ ဦးထက်မနည်း သေဆုံးပြီး အခြားလူခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
သေဆုံးခဲ့သူတွေအနက် ခရီးသည်တွေကို ဘေးလွတ်ရာသို့ ကယ်ထုတ်နေခဲ့တဲ့ လေယာဉ်မယ်တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ Daily Mail သတင်းကဆိုပါတယ်။ ရုရှားအစိုးရ စုံစမ်းစစ်ဆေးရေးကော်မတီကလည်း လေယာဉ်မီးလောင်မှုအတွင်း လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
(Photo: mikkentosh/Instagram)
တနင်္ဂနွေနေ့ (မေ ၅ ရက်) က ဖြစ်ပွားခဲ့တဲ့ Aeroflot လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ် မီးလောင်မှုအတွင်း ခရီးသည်တွေဟာ အရေးပေါ်ထွက်ကနေ အလျင်အမြန် လျှောဆင်းခဲ့ကြရတာကို ဆိုရှယ်မီဒီယာ ဗီဒီယိုတွေမှာ တွေ့ခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ မီးလောင်မှုဖြစ်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရာမှ မီးလောင်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ ခရီးသည်တင်လေယာဉ်ရဲ့ လေယာဉ်မှူး ဒန်းနစ် ယက်ဗ်ဒိုကီမော့ဗ် (Denis Yevdokimov) ကတော့ လျှပ်စီးလက်ပြီး မိုးကြိုးပစ်မှုကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ရုရှားမီဒီယာကို ပြောခဲ့ပါတယ်။
(Photo: Reuters)
မီးလောင်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ လေယာဉ်ဟာ Sukhoi Superjet-100 အမျိုးအစားဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်မှာ လေဆိပ်မှထွက်ခွာခဲ့ပြီး Murmansk မြို့ကို ဦးတည်ပျံသန်းခဲ့ကြောင်း သိရပါတယ်။ လူ ၇၈ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ မော်စကိုမြို့ရှိ Sheremetyevo လေဆိပ်မှထွက်ခွာသွားပြီး မကြာမီမှာပင် ဘေးအန္တရာယ်ကြုံနေကြောင်း အချက်ပေးခဲ့တယ်လို့ Interfax သတင်းကပြောပါတယ်။
(Photo: Reuters)
ရုရှားလေယာဉ် မီးလောင်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး Bulgaria Eurovision သီချင်းဆိုပြိုင်ပွဲဝင်ဟောင်းဖြစ်သူ ခရစ္စတီယန် ကော့စ်တော့ဗ် (Kristian Kostov) က မျက်မြင်တွေ့ခဲ့ရကြောင်း ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။ လေယာဉ်မီးလောင်မှုကို မြင်တွေ့ခဲ့ကြရတဲ့ လေဆိပ်မှာရှိနေသူတွေဟာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြကြောင်းနဲ့ အခြား လေယာဉ်ခရီးစဉ်များကို ဆိုင်းငံ့ထားရကြောင်း ၎င်းကပြောပါတယ်။ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။