ပန်ဒိုရာသေတ္တာလေးက အခုမှစပွင့်တာလို့ ကလော့ပ်က ဆိုပါတယ်။

လိုက်ဇစ်နဲ့ပွဲမှာ လူစားဝင်လာပြီးနောက် ၄ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ သူ့ရဲ့တိုက်စစ်မှူးဒါဝင်နူနက်ဇ်က ဝေဖန်နေသူတွေကို အကောင်းဆုံးနည်းလမ်းနဲ့ ပါးစပ်ပိတ်ပေးခဲ့တယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ပြောဆိုလိုက်ပါတယ်။ ဂျာမနီကလပ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ နူနက်ဇ်က လူစားဝင်လာခဲ့ပြီးနောက် အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၅ ဂိုးမှာ သူတဦးတည်းက ၄ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဘင်ဖီကာကနေ ယူရိုသန်း ၁၀၀ နဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ခြေစမ်းပွဲတွေမှာ ဆိုးဆိုးဝါးဝါးလွဲချော်မှုတွေရှိနေခဲ့လို့ ဒါဝင်နူနက်ဇ်တယောက် ဝေဖန်ပြစ်တင်မှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ မနေ့ကပွဲမှာတော့ သူက တပွဲတည်း ၄ ဂိုးသွင်းယူပြီး လှောင်ပြောင်ဝေဖန်နေသူတွေကို အသံတိတ်စေခဲ့ပြီဖြစ်ကာ သူ့ကို ကလော့ပ်က ဘာကြောင့်ခေါ်ယူခဲ့တာလဲဆိုတာကိုပါ ပြသသွားခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ကလော့ပ်က "ဒီလိုမျိုး သွင်းဂိုးတွေအတွက် သူ့ကို ကျနော်တို့ ခေါ်ယူခဲ့တာပါ၊ ကစားသမားတယောက်ကို ကြေးကြီးပေးခေါ်ပြီဆိုရင် အဲဒီကစားသမားက ဘာဖိအားမှမရှိဘူးလို့ လူတွေကထင်ကြပါတယ်၊ သူတို့အားလုံးကလည်း လူသားတွေပါ၊ ပထမဆုံးအကြိမ်ထိတွေ့မှုမှာ ချက်ချင်းပြည့်စုံတယ်ဆိုတာမျိုးမရှိပါဘူး၊ ဒီဘက်ခေတ်မျိုးဆက်သစ်ကစားသမားတွေက လူမှုကွန်ယက်တွေသုံးနေတယ်"



"ဘာမှ စမတ်မကျတဲ့ လူမှုကွန်ယက်ပေါ်က အသံတွေကို သူတို့နားစွင့်နေတယ်၊ အဲဒီမှာ ကိုယ့်အတွက်အကျိုးယုတ်တာတွေကိုပဲ မြင်ရမှာပါ၊ အခုလိုဂိုးတွေသွင်းတာက ဝေဖန်မှုတွေကို တိတ်ဆိတ်စေပါလိမ့်မယ်၊ သူက ကျနော်တို့မှာရှိတဲ့ တိုက်စစ်မှူးတွေနဲ့ မတူကွဲပြားတဲ့သူဖြစ်ပြီး အရမ်းလည်းကောင်းတဲ့ ကစားသမားတယောက်ပါ၊ ဆာလာက သူ့ကို ပင်နယ်တီကန်ခွင့်ပေးလိုက်ချိန်မှာ ပန်ဒိုရာသေတ္တာလေးကပွင့်သွားပါတယ်၊ သူ့အတွက် ပြီးပြည့်စုံတဲ့ ညတညဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

နူနက်ဇ်ကတော့ လီဗာပူးလ်အတွက် ဂိုးပေါက်စတွေ့ခဲ့ပြီးနောက်မှာ သူ့ကို ကြေးကြီးပေးခေါ်ယူခဲ့ရတဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပိုပြီးတော့ မျှော်လင့်ခံရတော့မှာဖြစ်ပါတယ်။ ဥရုဂွေးသားအနေနဲ့ လီဗာပူးလ်အတွက် နောက်ထပ်သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က