ဒီအချိန်မှာ မသန်စွမ်းတွေကို ပိုပြီးတော့ သနားတယ်။

ထက်ထက်ထွန်းဟာ သူမရဲ့ ဒူးခေါင်းက ဒဏ်ရာကို အမြန်ဆုံး သက်သာချင်ပြီလို့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။ ဒီဒဏ်ရာကြောင့်ပဲ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ခံစားချက်ကို မနှစ်သက်ဘူးလို့ ဆိုပါတယ်။

Photo: LiJohn

သရုပ်ဆောင် ထက်ထက်ထွန်းက ‘’အကြင်နာမြစ်ဖျား’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်နေတဲ့အချိန်မှာပဲ ဒူးခေါင်းကဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဒီဒဏ်ရာကြောင့် အလုပ်တွေ ရပ်နားတာမျိုးမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဒဏ်ရာကြောင့်လည်း သူ့စိတ်ထဲကရှိတဲ့အတိုင်းကြိုးစားခွင့်မရဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ ဒီက ရတဲ့အသိတွေကတော့ ဘယ်အရာအားလုံးကိုမှ ကြိုမမြင်နိုင်ဘူး။ အရာအားလုံးက မတည်မြဲဘူးဆိုတဲ့ အရာတွေရယ်၊ ပြီးတော့ ခဏတာအောက်ပိုင်းသေသလို ပုံစံမျိုး စိတ်သွားတိုင်း ကိုယ်မပါတာပေါ့။ ဒီအချိန်မှာ မသန်စွမ်းသူတွေကို ပိုပြီးတော့ ကိုယ်ချင်းစာလာတယ်။ သူတို့တွေက မွေးကတည်းက မသန်စွမ်းဖြစ်ခဲ့ရတဲ့လူထက် အကောင်းအတိုင်းကနေ မသန်စွမ်းဖြစ်သွားတဲ့သူတွေကို ပိုသနားတယ်’’ဆိုပြီးတော့ မေလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Miss Universe 2019 ရွေးချယ်ပွဲမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo: Htet Htet Htun

ထက်ထက်ထွန်းက ဒီဒဏ်ရာကို အမြန်ဆုံး သက်သာချင်နေပြီလို့ ဝမ်းနည်းကြေကွဲစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။ သူမအတွက် ဒူးခေါင်းဒဏ်ရာကြောင့် အိပ်ရာပေါ်လဲနေရတာထက် အလုပ်တွေ တတ်နိုင်သလောက်လုပ်ရတာ ပိုအားရှိတယ်လို့ ပြောပါတယ်။

‘’ စိတ်သွားတိုင်း လူမလိုက်နိုင်တာ အရမ်းပင်ပန်းတယ်။ မြန်မြန်နေကောင်းချင်နေပြီ။ အခုချိန်မှာ ကိုယ့်ကိုယ် ဘယ်သူမှ လာစိုးမိုးတာ မကြိုက်ဘူး ဆိုတဲ့ စိတ်ကို အရမ်းလျှော့ထားရတယ်။ အိပ်ရာထဲမှာလှဲနေရတာက ထက်ထက်အတွက် နေမကောင်းဖြစ်မယ့် အပြုအမူတွေပါ။ အပြင်ထွက်ပြီး အလုပ်လုပ်နေရတာကမှ ထက်ထက်အတွက် အားဆေးတွေပေါ့နော်။ အခုဆိုအရမ်းနေမကောင်းဖြစ်နေပြီ’’ လို့ သူကဆိုပါတယ်။ အခုလက်ရှိမှာလည်း သူမက ဘယ်သွားသွား၊ ဘယ်လာလာ ဝှီးချဲ နဲ့သာ သွားလာနေရတာဖြစ်ပါတယ်။

Photo: Li John

ဒူးခေါင်းဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမရတဲ့ ခံစားချက်က အရမ်းကိုဆိုးတယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။ ဒါကြောင့်လည်း လူကောင်းတစ်ယောက်ကနေ ဒဏ်ရာရလို့ အလုပ်နားရသူတွေကို ပိုကိုယ်ချင်းစာတယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

‘’ ဘာကြောင့်လဲဆိုတော့ ကိုယ်ဘယ်လောက်လုပ်နိုင်တယ်ဆိုတဲ့ Speed ကို ကိုယ်သိပြီးသားဖြစ်တဲ့အတွက် အဲဒါကို ကိုယ်မလုပ်နိုင်တော့တဲ့အချိန်မှာ ကျသွားတဲ့ ခံစားချက်ကြီးကို ခံစားလိုက်ရတယ်။ ထက်ကတော့ ခဏတာပေါ့နော်။ တစ်ဘဝလုံး ဖြစ်သွားမယ့် လူတွေအတွက် စိတ်မကောင်းဖြစ်တယ်၊ ကိုယ်ချင်းစာတယ်။ အဲဒီအတွက် သူတို့ကို ဘယ်လိုဖေးမကူညီရမယ် ဆိုတာတွေပိုသိလာတယ်’’ လို့ ဆိုပါတယ်။

Photo: Htet Htet Htun

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။

Share

Loading Next Article...
က္က