ဟင်းနုနွယ်ဆီချက်ခေါက်ဆွဲကတော့ မြန်မာနိုင်ငံရဲ့ စားသောက်ဆိုင်အများစုမှာ သိပ်မတွေ့ရတတ်တာကြောင့် လူတိုင်းနဲ့ သိပ်မရင်းနှီးတဲ့အစားအသောက်တစ်ခုလို့ ဆိုရမှာပါ။ ဒီတစ်ခေါက် Duwun ပရိသတ်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် သက်သတ်လွတ်သမားတွေပါစားနိုင်တဲ့ ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲအကြောင်းကို မျှဝေပေးမှာပါ။
စွန့်ဦးတီထွင်လိုစိတ်နဲ့ စတင်ခဲ့တဲ့ ဟင်းနုနွယ်ဆီချက်ခေါက်ဆွဲ
ကိုဗစ်တွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ငန်းအများစုရပ်သွားချိန်မှာ ဒီအစားအစာကို ပြုလုပ်ဖန်တီးဖို့စိတ်ကူးလေးရခဲ့တာလို့ ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲ ထုတ်လုပ်သူ မကြေးမုံလွင်က ရှင်းပြပါတယ်။ ကိုယ်တိုင်ကလည်း သက်သတ်လွတ်စားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ကြက်ဥမပါဘဲ ခေါက်ဆွဲကို ဘယ်လိုနည်းလမ်းနဲ့ ထုတ်လုပ်ရင်ကောင်းမလဲလို့စဉ်းစားမိရင် ဟင်းနုနွယ်ခေါက်ဆွဲဆိုတာ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
“ဟင်းနုနွယ်မှာ အမျိုးအစားတွေအများကြီးရှိတယ်။ ဂျပန်ဟင်းနုနွယ်၊ မြန်မာဟင်းနုနွယ် နယူးဇီလန်မျိုးစိတ်ဟင်းနုနွယ်တွေ ဆိုပြီး ရှိကြပါတယ်။ အစ်မတို့က အအင်းလေးမှာ နယူးဇီလန်မျိုးကိုစိုက်ထားတာ၊ ဒါပေမယ့် အဲဒါက ဒီတိုင်းရိုးရိုးစားလို့မကောင်းဘူး။ အဲဒါနဲ့ ခေါက်ဆွဲလုပ်တဲ့နေရာမှာ ကြက်ဥအစား ဟင်းနုနွယ်အရွက်ကို ကြိတ်ပြီး ထည့်ကြည့်မယ်ဆိုပြီး ဟင်းနုနွယ်ခေါက်ဆွဲဖြစ်လာတာပါ။ အဓိကကတော့ ဝါသနာရယ်၊ ကိုယ်စားချင်တာရယ် စူးစမ်းတီထွင်ချင်တဲ့စိတ်တွေနဲ့ လုပ်ခဲ့တာပါ” လို့ မကြေးမုံလွင်ကဆိုပါတယ်။
ညောင်ရွှေဆီချက်လက်ရာအတိုင်းစားရမယ့် ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲ
ဟင်းနုနွယ်ခေါက်ဆွဲဖြစ်လာတဲ့အခါ ရောင်းတန်းဝင်တဲ့အစားအစာဖြစ်ဖို့ ခေါက်ဆွဲကြော်လုပ်မလား၊ ဆီချက်ခေါက်ဆွဲလုပ်မလားစသဖြင့် အမျိုးမျိုးစိတ်ကူးခဲ့ကြပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာ ထုတ်လုပ်တဲ့ ခေါက်ဆွဲဖြစ်တာနဲ့အညီ ညောင်ရွှေရဲ့ အဓိက အမှတ်အသားဖြစ်တဲ့ ညောင်ရွှေဆီချက်ရဲ့ ချက်ပြုတ်နည်းအတိုင်း ဟင်းနုနွယ်ဆီချက်ခေါက်ဆွဲကို ချက်ပြုတ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။
“ညောင်ရွှေကိုသွားလည်ရင် ညောင်ရွှေဆီချက်စားလိုက်ရမှဆိုတဲ့ အမှတ်အသားပေါ့နော် အဲဒါကြောင့် ညောင်ရွှေဆီချက်ရဲ့ ချက်ပြုတ်နည်းအတိုင်း ဟင်းနုနွယ်ခေါက်ဆွဲကို ဆီချက်ပုံစံလုပ်လိုက်တာ အရမ်းကို အရသာကောင်းကောင်းနဲ့ ထွက်လာတယ်” လို့ မကြေးမုံလွင်က ရှင်းပြပါတယ်။
ဓာတုဗေဒကင်းစင်၊သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမယ့် ဟင်းနုနွယ်ဆီချက်ခေါက်ဆွဲ
ခေါက်ဆွဲကို အော်ဂဲနစ် နည်းပညာစစ်စစ်နဲ့ ဓာတုဗေဒလုံးဝကင်းစင်တဲ့ စားသောက်ကုန်အဖြစ်ထုတ်လုပ်ထားပြီး ဆီချက်ခေါက်ဆွဲအဖြစ် ပြုလုပ် ထုပ်ပိုးရောင်းချတဲ့အခါမှာလည်း ပလတ်စတစ်လုံးဝမသုံးဘဲ အင်းလေးက ထွက်တဲ့ ပဒုမ္မာကြာဖတ်နဲ့ ထုပ်ပိုး ပေးတာဖြစ်တာလို့ ဆိုပါတယ်။
“ဒီခေါက်ဆွဲကို ထုတ်လုပ်တဲ့အခါ ၁၀၀ ရာခိုင်နှုန်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေချင်ဘူး။ ထုတ်ပိုးမှုကအစ အင်းလေးက ပဒုမ္မာကြာဖက်ကို ရန်ကုန်ကိုပို့ပြီး ဖက်နဲ့ထုပ်ပြီး ရောင်းကြတာပါ။ တတ်နိုင်သမျှ တစ်ခါသုံးပလတ်စတစ်ကို ကာကွယ်ချင်တယ်။ စားသုံးသူတွေအနေနဲ့လည်း အစ်မတို့ဆီက ဆီချက်ခေါက်ဆွဲကို မှာလိုက်တာနဲ့ တစ်ခါသုံးပလတ်စတစ်တွေကို တစ်ခါလောက်တော့ လျှော့ချပြီးသားဖြစ်ပါတယ်။ ခေါက်ဆွဲကို ကြာရှည်ခံဆေး မထည့်ထားဘူး။ အော်ဂဲနစ် စစ်စစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ရည်ရွယ်ထုတ်လုပ်တယ်။ အစ်မတို့ ခေါက်ဆွဲမှာ ရေ ၊ သကြား ၊ ဟင်းနုနွယ် နဲ့ ဆား ဒါပဲ ပါတာ။ သန့်သန့်ရှင်းရှင်းဘေးအန္တရာယ်ကင်းကင်းဖြစ်တဲ့အစားအစာဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်” လို့ မကြေးမုံလွင်က ဆိုပါတယ်။
စားသုံးသူတွေရဲ့ အားပေးမှုကို အပြည့်အဝရထား
ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲက စံပြလည်းဖြစ်ရမယ့်အပြင် အာဟာရလည်းဖြစ်စေဖို့ အတွက် ထုတ်လုပ်ထားတာပါ။ အသီးအရွက်ကျွေးရခက်တဲ့ ကလေးတွေဆို ဒီခေါက်ဆွဲကို ကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသားလုံးဝမထည့်ဘဲ (၁၀၀) ရာခိုင်နှုန်းသတ်သတ်လွတ်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်စေပြီး လူမျိုးဘာသာမရွေးစားသုံးနိုင်တယ်လို့လည်းဆိုပါတယ်။
“ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင်ဓာတ်ကြောင့် အရွက်မစားချင်တဲ့ကလေးတွေအတွက်လည်း ဒီဆီချက်ခေါက်ဆွဲစားလိုက်ရင် အာဟာရဖြစ်စေတယ်။ အသားမပါပေမယ့် ခေါက်ဆွဲက သူ့အရသာသူရှိနေတော့ ပုံမှန်စားတဲ့သူတွေလည်း ကြိုက်ကြတယ်။ နောက်ပိုင်းမှာတော့ ဆီးချိုသမားတွေပါစားလို့ရအောင် ဂျုံကြမ်းနဲ့ထုတ်လို့ရအောင် စီစဉ်မယ်။
ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲမြည်းစမ်းချင်သူတွေအတွက်
ဒေါ်ယဉ်ကျေးဟင်းနုနွယ်ဆီချက်ခေါက်ဆွဲကိုတော့ https://www.facebook.com/dawyinkyaynoodle ကတစ်ဆင့် အော်ဒါကြိုတင်မှာယူနိုင်ပြီး ဆိုင်ခန်းဖွင့်ထားတာမဟုတ်ဘဲ အွန်လိုင်းကတစ်ဆင့်သာ ရောင်းချပေးနေတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တစ်ပွဲကို (၃၂၀၀) ကျပ်ဖြစ်ပြီး ဖုန်းနံပါတ် 09761066802, 09756755861 တို့ကတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းမှာယူနိုင်တာဖြစ်ပါတယ်။