ဒီရာသီချန်ပီယံရှစ်မှာ ရမှတ် ၂၁ မှတ်အထိအလျှော့ခံခဲ့ရပြီးနောက် ဒါဘီဟာ လိဂ်ဝမ်းကို တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ တကယ်ဆိုရင် ဒါဘီက အမှတ်ပေးဇယားအလယ်အလတ်မှာ ရပ်တည်နိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ဘဏ္ဍာရေးပြသနာတွေကို မဖြေရှင်းနိုင်ခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ရုန်းကန်ခဲ့ရကာ အဆုံးသတ်မှာတော့ နည်းပြဝိန်းရွန်နီရဲ့ အသင်းက ချန်ပီယံရှစ်ကိုနှုတ်ဆက်ခဲ့ရပါတယ်။
ဝိန်းရွန်နီကတော့ အသင်းအတွက်အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့ပြီး ရာသီကုန်ခါနီးမှသာ ဒါဘီတို့တန်းဆင်းရမယ်ဆိုတာ အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ကျူပီအာကို အရေးနိမ့်အပြီးမှာ တန်းဆင်းဖို့ဖြစ်သွားခဲ့ပြီး ပွဲအပြီးမှာတော့ ရွန်နီက အသင်းနဲ့အတူ သူဆက်ရှိနေကာ ချန်ပီယံရှစ်ဆီကို ပြန်ပို့ဆောင်ပေးမယ်လို့ ကတိပေးသွားခဲ့ပါတယ်။
"ဒါက အရမ်းထူးဆန်းပါတယ်၊ ပိုပြီးတော့ အံ့အားသင့်စရာလည်းကောင်းတယ်လို့ ကျနော်တွေးမိတယ်၊ ကျနော် စိတ်ပျက်မိ၊ ဝမ်းနည်းမိ၊ ဒေါသဖြစ်မိ၊ အံ့အားသင့်မိပါတယ်၊ ဒါပေမယ့်လည်း ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေအတွက် ကျနော်အရမ်းဂုဏ်ယူပါတယ်၊ သူတို့က အရမ်းစွမ်းဆောင်ပြခဲ့ကြတာပါ၊ ပွဲအပြီးမှာ ကစားသမားတွေကို ကျနော်ပြောခဲ့တယ်၊ မင်းတို့ အဝတ်လဲခန်းဆီသွားတဲ့အချိန်မှာ ခေါင်းကို မော့ထားကြပါလို့၊ မင်းတို့ခေါင်းတွေ အောက်ကိုစိုက်ကျမနေကြနဲ့လို့ပြောခဲ့ပါတယ်"
"ပြစ်ဒဏ်ပေးတာတွေသာမရှိရင် ကျနော်တို့စိတ်ချရတဲ့နေရာမှာရှိနေမယ်ဆိုတာ သိပါတယ်၊ ပိုင်ရှင်ဟောင်းဖြစ်သူ ချန်ရစ်ထားခဲ့တဲ့ အပိုင်းအစတွေကို ကောက်ယူပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့ရပါတယ်၊ ဒီအတွက် တန်ဖိုးကို ကျနော်တို့ပေးချေခဲ့ရတာပါ၊ သူကလည်း ဒါဘီပရိသတ်တဦးဖြစ်လို့ ဒီနေ့က သူ့အတွက်လည်း ဝမ်းနည်းစရာနေ့တနေ့ဖြစ်နေမယ်ဆိုတာ ကျနော်သိတယ်"
"ကျနော့်ကစားသမားတွေကို ပရီးမီးယားလိဂ်အသင်းကြီးတွေစောင့်ကြည့်နေတာသိတယ်၊ ဒီလူစာရင်းကို ထပ်ဖြည့်တင်းဖို့လိုအပ်ပါတယ်၊ ကျနော်လိုချင်တဲ့ကစားသမားတွေကို သိထားပြီးသားပါ၊ အသင်းကို လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ဆီပြန်ပြီးတော့ မြန်မြန်တက်လှမ်းနိုင်အောင် ကျနော်လိုချင်တဲ့ ကစားသမားတွေကို အမြန်ဆုံးရနိုင်ဖို့လိုအပ်ပါတယ်" လို့ ရွန်နီက ပြောဆိုသွားခဲ့ပါတယ်။