ပေါ်တိုနောက်ခံလူ ပီပီဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီဒါဘီပွဲမှာ ပြိုင်ဘက် ကစားသမားကို လက်သီးစွမ်းပြခဲ့တာကြောင့် အနီကတ် ထိခဲ့ပြန်ကြောင်း သိရှိရပါတယ်။ အဆိုပါပွဲဟာ ပေါ်တူဂီဒါဘီပွဲဖြစ်တဲ့အလျောက် ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ခဲ့ပါတယ်။
ဒီပွဲမှာ ပီပီက ပြစ်ဒဏ်ဘောကို လျင်လျင်မြန်မြန် ပြန်ကန်ဖို့ ဘောလုံးကို တည်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ပြိုင်ဘက် ကစားသမား ရီစ်က ပီပီကို နောက်ကနေ တွန်းပြီး ဟန့်တား နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပါတယ်။
လူမိုက်ကြီးပီပီကတော့ မဆိုင်းမတွဘဲ ဒီကစားသမားကို လက်ပြန်ရိုက်ချက်နဲ့ တုံ့ပြန်ခဲ့ပြီး သူ့ရဲ့ လက်သီးက ပြိုင်ဘက်ရဲ့ မျက်နှာကို တန်းတန်းမတ်မတ်ထိမှန်သွားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က VAR ကို အချိန်အတော်ကြာ ပြန်ကြည့်ခဲ့ပြီး ပီပီကို အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့ပါတယ်။
ပရိသတ်တွေကတော့ “ပီပီကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး” လို့ မှတ်ချက်ပေးခဲ့ပြီး ပီပီရဲ့ အနီကတ်အပေါ်မှာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ပီပီဟာ ကစားသမားဘဝတစ်လျှောက် ဘောလုံးလူမိုက်ကြီးအဖြစ် နာမည်တွင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အနီကတ် (၁၆) ကတ်အထိ ပြသခံခဲ့ရဖူးပါတယ်။
အခုချိန်မှာလည်း ပီပီက အသက် (၄၀) အရွယ်ရှိပြီဆိုပေမယ့် ပေါ်တိုအသင်းအတွက် အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်တဲ့ နောက်ခံလူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသေးတယ်။