ရမှတ်အလျှော့ခံထားရတဲ့အသင်းကို တန်းဆင်းဇုန်ကလွတ်မြောက်အောင် တိုက်ပွဲဝင်ပေးနေရမှုက စိတ်လှုပ်ရှားစရာကောင်းပြီး မယုံနိုင်လောက်စရာ ခက်ခဲလွန်းတယ်လို့ ဒါဘီနည်းပြဝိန်းရွန်နီက ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါဘီနည်းပြဘ၀ကို လွယ်လွယ်ကူကူနဲ့ မဖြတ်သန်းခဲ့ရတဲ့ ရွန်နီဟာ ဒီရာသီမှာ အသင်းက ရမှတ် ၂၁ မှတ်လျှော့ခံခဲ့ရသလို ကစားသမားအပြောင်းအရွှေ့ပါ ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။
ဒါကြောင့် အမှတ်ပေးဇယားအောက်ဆုံးမှာ ရမှတ်ကို အနုတ်နဲ့ကစားခဲ့ရတဲ့ ဒါဘီတို့အတွက် ချန်ပီယံရှစ်ကနေ တန်းဆင်းသွားဖို့ အခြေအနေမှာရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝိန်းရွန်နီရဲ့ ဦးဆောင်မှု၊ ကစားသမားတွေရဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုနဲ့ ကစားပုံတွေကြောင့် နောက်ဆုံးပွဲတွေမှာ ရလဒ်တွေတောက်လျှောက်ပြန်ကောင်းခဲ့ပြီး ရမှတ်လည်း + ပြန်ဖြစ်လာခဲ့သလို အဆင့်လည်း တဆင့်တက်သွားခဲ့လို့ သူတို့ရဲ့ တန်းမဆင်းရရေးတိုက်ပွဲက ပိုပြီးအသက်ဝင်လာခဲ့ပါတယ်။
ဒီအနေအထားတွေနဲ့ပတ်သက်ပြီး ရွန်နီက "ဒါဘီက ဘောလုံးအသင်းတသင်းဆိုတာထက် ပိုပါတယ်၊ ဒီမြို့မှာရှိတဲ့လူတိုင်းကို မျှော်လင့်ချက်ပေးတယ်၊ ကလေးတွေကို အိပ်မက်မက်ခွင့်ပေးတယ်၊ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးတယ်၊ ဒီအခြေအနေမှာ ကျန်ရစ်နေတာက မယုံနိုင်စရာပါပဲ၊ ဒီလိုမျိုးသုဉ်းလုနီးပါးအမှောင်ထုကို ဖြတ်ကျော်ဖို့ ကြိုးစားနေရတာက ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀မှာ အကြီးမားဆုံးစိန်ခေါ်မှုလို့ ထင်ပါတယ်"
"ကစားသမားတွေက ကျနော့်ကိုယုံကြည်ပြီး ကွင်းပြင်ပက အရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိပါတယ်၊ အသင်းပိုင်ရှင်ကတော့ သူ ဒီကိုရောက်ချိန်ကတည်းက ကျနော်နဲပ စကားမပြောခဲ့ရဘူး၊ အရမ်းခက်ခဲတဲ့အခြေအနေမှာ ကျနော်တို့ကို ထားခဲ့ပြီး သူ ထွက်သွားတယ်၊ သူ့အိမ်မှာ သူ့ဘ၀အတွက်တော့
သူ ပျော်နေမှာပေါ့၊ တခြားလူတွေကတော့ ဒါတွေကိုဖြေရှင်းဖို့ ကြိုးစားနေရပြီး ကျနော်ကတော့ ဘောလုံးရှုထောင့်ကနေ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်"လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။