တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ကစားခဲ့တဲ့ပွဲမှာ မီထရိုဗစ်က ဒိုင်လူကြီးကို တံတောင်နဲ့ တွန်းထိုးခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ချက်ချင်းပဲ ဘရူနို ဖာနန်ဒက်စ်ကို မျက်လုံးထဲ ပြေးမြင်ခဲ့ကြပါတယ်။
ဖူလ်ဟမ် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ မိနစ် ၅၀ မှာ အသင်းအတွက် အံ့အားသင့်ဖွယ် ဦးဆောင်ခွင့် ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖူလ်ဟမ်အသင်းဟာ ဒိုင်လူကြီး ခရစ္စ ကက်ဗာနာက တစ်မိနစ်အတွင်း အနီကတ် ၃ ကတ် ပြသခဲ့ပြီးနောက် ဒုတိယပိုင်းမှာ လဲပြိုသွားခဲ့တာဖြစ်ပြီး ဝီလီယံက ဆန်ချိုရဲ့ ဂိုးကန်သွင်းချက်ကို ဂိုးစည်းပေါ်က လက်နဲ့ ရှင်းထုတ်ခဲ့တာ VAR က တွေ့ခဲ့ရပြီးနောက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ကက်ဗာနာဟာ ဖူလ်ဟမ် တိုက်စစ်မှူးကိုပါ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပြီး မီထရိုဗစ်ဟာ ဒိုင်လူကြီးနဲ့ အငြင်းပွားနေချိန်အတွင်း တံတောင်နဲ့တွန်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဲဒီလုပ်ရပ်အတွက် ၁၀ ပွဲပယ်ပြစ်ဒဏ်လောက် ကျခံရသင့်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားကလည်း တာဝန်ရှိသူတွေနဲ့ ဒေါသတကြီး အငြင်းအခုံလုပ်ခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး နည်းပြနဲ့ ကစားသမား ၂ ယောက်လျော့သွားတဲ့ ဖူလ်ဟမ်ကို မန်ချက်စတာယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ရာကနေ ပြန်လာနိုင်မှုကို မီထရိုဗစ်ရဲ့ အရုပ်ဆိုးတဲ့ အဖြစ်အပျက်အပါအဝင် အခြားအငြင်းပွားစရာကိစ္စတွေက ဖုံးလွှမ်းခဲ့ပြီး မီထရိုဗစ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အခြားလူတွေက ဖာနန်ဒက်စ်ရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ပြီး ဆုံးဖြတ်ချက်တွေက လိုတမျိုး မလိုတမျိုး ဆုံးဖြတ်နေတာကို ထောက်ပြဝေဖန်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ အန်းဖီးမှာ လီဗာပူးလ်အသင်းကို ၇-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လက်ထောက်ဒိုင်လူကြီးကို နောက်ကနေ တွန်းခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး အက်စတန် ဗီလာ တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်ကလည်း လူကိုခင်ရင် မူကို ပြင်ပြီး လူကိုမုန်းရင် မူကိုသုံးတဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပြစ်တင်ကြိမ်းမောင်းသွားခဲ့တာဖြစ်ပါတယ်။
“ဘရူနိုက စည်းကြပ်ဒိုင်ကို တွန်းခဲ့ပြီး ဘာအပြစ်မှ အပေးမခံခဲ့ရပေမယ့် မီထရိုဗစ်က ဒိုင်လူကြီးကို ဝင်တိုက်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတယ်။ တသမတ်တည်းမရှိတဲ့ VAR။ အရှက်ရစရာကောင်းလိုက်တာ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကလည်း မီထရိုဗစ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ အငြင်းအခုံမှာ ပါဝင်ခဲ့ကြပြီး “မီထရိုဗစ်က ရှင်းလင်းတဲ့အနီကတ်ပါ။ သူ ဒိုင်လူကြီးကို သွားတွန်းလို့မရဘူး။ ဒါပေမယ့် အန်းဖီးမှာတော့ ဘရူနိုက တွန်းခဲ့ပြီး အပြစ်ပေးမခံခဲ့ရဘူး”လို့ ပရိသတ်တစ်ဦးက မေးခွန်းထုတ်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “တော်တော်မိုက်တဲ့ မီထရိုဗစ်ပဲ။ မင်း ဒိုင်လူကြီးကို တွန်းလို့မရဘူးလေ။ မင်းက ဘရူနို ဖာနန်ဒက်စ်ဆိုရင်တော့ ရချင်ရမှာပေါ့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Share