ဘာစီလိုနာတို့ ဒိုင်လူကြီးတွေကို လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်ရှိအချိန်မှာ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ စပိန်တရားရုံးကလည်း ဘာစီလိုနာကို သံသယဖြစ်ဖွယ် လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ထားလိုက်ပါပြီ။
ဘာစီလိုနာဟာ ဒိုင်လူကြီးရဲ့နည်းစနစ်ကော်မတီ ဒုတိယဥက္ကဌ နီဂရီရာကို ယူရို (၇.၅) သန်း လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ နည်းစနစ်ကော်မတီအဖွဲ့မှာ နှစ်ပေါင်း (၁၇) နှစ်ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဘာစီလိုနာဟာ (၂၀၀၁) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အတွင်း အဆိုပါပုဂ္ဂိုလ်ကို တံစိုးလက်ဆောင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒီကာလဟာ လက်ရှိအသင်းဥက္ကဌ လာပေါ်တာ ပထမဆုံးအကြိမ်အဖြစ် အသင်းဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တုန်းက အချိန်ကာလအပိုင်းအခြားမှာလည်း ပါဝင်နေပါတယ်။
ဘာစီလိုနာနဲ့ လာပေါ်တာတို့ဘက်ကတော့ ဒီသတင်းတွေကို မဟုတ်မှန်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပါတယ်။ လာပေါ်တာကတော့ ဒါဟာ ဘာစီလိုနာရဲ့ ဂုဏ်ပုဒ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ကိစ္စရပ်သာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ဘာစီလိုနာဟာ အခုလိုမျိုး ငွေကြေးပေးနှံပြီးနောက် သူတို့ကစားမယ့်ပွဲတွေမှာ လိုချင်တဲ့ ဒိုင်လူကြီးတွေကို တာဝန်ပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း သတင်းအချို့က ဖော်ပြခဲ့ဖူးပါတယ်။ ဘာစီလိုနာဟာ အရင်ကတည်းက ကွင်းအတွင်းမှာ ဒိုင်လူကြီးတွေရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တယ်လို့ မကြာခဏ စွပ်စွဲခံခဲ့ရတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
အခုချိန်မှာတော့ ယူအီးအက်ဖ်အေကနေပါ ဘာစီလိုနာရဲ့ကိစ္စကို စစ်ဆေး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ တကယ်လို့သာ ဘာစီလိုနာတို့ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ သေချာပေါက် အထုတ်ခံရမှာဖြစ်ပါတယ်။