ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ရိုးမားနည်းပြ မော်ရင်ဟိုကို (၄) ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုဟာ ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို ကားပါကင်ထဲအထိ လိုက်လံစောင့်ဆိုင်းကာ ရန်တွေ့ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲမှာ မော်ရင်ဟိုရဲ့ ရိုးမားက ပင်နယ်တီ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်အထိ ရရှိခဲ့သင့်ပေမယ့် မျက်ကွယ်ပြုခြင်းခံခဲ့ရပါတယ်။ အထူးသဖြင့် လက်ထိဘောကတစ်ဆင့် ပင်နယ်တီရနိုင်တဲ့ အနေအထားမျိုးမှာ ကွင်းလယ်ဒိုင်က VAR တောင်မကြည့်ဘဲ ဒီဖြစ်ရပ်ကို မျက်ကွယ်ပြုခဲ့တာကြောင့် မော်ရင်ဟိုတစ်ယောက် အကြီးအကျယ် ဒေါသထွက်ခဲ့တာပါ။
မော်ရင်ဟိုဟာ ပွဲချိန်အတွင်းမှာလည်း အင်္ဂလန်လူမျိုး ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ ပွဲအပြီး ကားပါကင်မှာလည်း ဒိုင်လူကြီးတွေ လိုက်ပါစီးနင်းလာတဲ့ ကားမထွက်ခင်အချိန်အထိ မော်ရင်ဟိုက အန်သိုနီတေလာကို “အရှက်မရှိတဲ့ကောင်” လို့ အကြိမ်ကြိမ် သုံးနှုန်းပြောဆိုခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ယူအီးအက်ဖ်အေက မော်ရင်ဟိုကို (၄) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ရိုးမားပရိသတ်တွေကလည်း ပြိုင်ဘက်အသင်းခေါင်းဆောင် ခေါင်းကွဲအောင် ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့သေးတာကြောင့် ရိုးမားကိုပါ ဥရောပ အဝေးကွင်းတစ်ပွဲမှာ ပရိသတ်တွေ လိုက်ပါကြည့်ရှုခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားအနေနဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲက ဖြစ်ရပ်တွေကြောင့် ဒဏ်ကြေးငွေ ယူရို (၅) သောင်းခွဲ တပ်ရိုက်ခံခဲ့ရကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။
အဆိုပါပွဲနဲ့ပတ်သက်လို့ မော်ရင်ဟိုက “တကယ်ကို ပြင်းထန်ခဲ့တဲ့ပွဲတစ်ပွဲပါ။ နောက်ပြီး စပိန်လူမျိုးလို့ ထင်ရတဲ့ ကွင်းလယ်ဒိုင်က ဒီပွဲမှာ တစ်ချိန်လုံး အဝါကတ်ပြီး အဝါကတ် ထုတ်ပြနေခဲ့ပါတယ်” လို့လည်း ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ရိုးမားဟာ ဥရောပပြိုင်ပွဲတွေမှာ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပြီး မနှစ်က ယူရိုပါကွန်ဖရင့်လိဂ် ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာပါ။