မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ စပီဇီယာတို့ပွဲမှာ ဧည့်သည် စပီဇီယာက နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဆာရာရဲ့ ဆုံးဖြတ်ချက်တွေက အေစီမီလန်အတွက် နစ်နာစေခဲ့ပြီး အထူးသဖြင့် နောက်ဆုံးမိနစ်မှာ အေစီမီလန်ရဲ့ ဂိုးကို ခွင့်ပြုမယ့်အစား ရီဘစ်အတွက် ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာပါ။
အေစီမီလန် ကစားသမား ရီဘစ် ပြစ်ဒဏ်ကျူးလွန်ခံရမှုကတဆင့် အေစီမီလန် ကစားသမား မက်ဆီယက်စ်ကပဲ ဘောလုံးရပြီး ဂိုးသွင်းခဲ့တာဖြစ်ပေမယ့် ဆာရာက ဝီစီကြိုမှုတ်လိုက်တာကြောင့် အေစီမီလန်တို့ ဂိုးမရခဲ့ပါဘူး။
အဲ့ဒီဖြစ်ရပ်ဖြစ်ပွားချိန်က မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို အစောပိုင်း တမိနစ်တည်းမှာဖြစ်ပြီး အဲ့ဒီပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောကတဆင့် အေစီမီလန်ရဲ့ ထိုးဖောက်မှုတွေကို စပီဇီယာ ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။
နာကျင်အချိန်ပိုရဲ့ နောက်ဆုံးမိနစ်မှာတော့ စပီဇီယာက အီမန်နျူရယ်ဂျာစီက အနိုင်ဂိုး သွင်းယူသွားခဲ့ပြီး အေစီမီလန်တို့ ရှုံးပွဲ ကြုံတွေ့သွားခဲ့ပါတယ်။ ဆာရာကိုယ်တိုင်ကလည်း သူအမှားကျူးလွန်ခဲ့တာကို ဝန်ခံခဲ့ပြီး ကွင်းထဲမှာတင် အေစီမီလန် ကစားသမားတွေကို တောင်းပန်ခဲ့ပါတယ်။
ပွဲအပြီး အဝတ်လဲခန်းထဲမှာလည်း ဒီကွင်းလယ်ဒိုင်ကို အီဘရာဟီမိုဗစ်အပါအဝင် အခြား ကစားသမား (၄) ယောက်လောက်က သွားရောက် နှစ်သိမ့်ပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဆာရာအနေနဲ့ သူ့ရဲ့အမှားအတွက် တောင်းပန်ခဲ့ကြောင်းကိုလည်း အေစီမီလန်နည်းပြ ပီအိုလီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အီတလီ ဒိုင်လူကြီးများ အဖွဲ့ချုပ်ကလည်း ဒီအမှားအတွက် အေစီမီလန်ကို တောင်းပန်စကားဆိုခဲ့ပြီး ဆာရာအနေနဲ့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ သိရှိရပါတယ်။