အာဆင်နယ်နည်းပြ အာတီတာက ဗီလာကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီတစ်လုံးနဲ့ သွင်းဂိုးတစ်ဂိုး ပယ်ဖျက်ခံရတဲ့အပေါ် မှတ်ချက်ပြုလာခဲ့ပါတယ်။ ဗီလာက အိမ်ကွင်းမှာ မက်ဂင်းရဲ့ အစောပိုင်းမိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ်တိုက်စစ်မှူး ဂျေးဆု ပင်နယ်တီဧရိယာအတွင်း သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ပင်နယ်တီမရရှိခဲ့ပါဘူး။ ဒါ့အပြင် ပွဲပြီးခါနီးမှာ သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပေမယ့် အန်ကီတီယာ ဂိုးမသွင်းခင်မှာ ကိုင်ဟာဗက်ဇ်က လက်နဲ့ထိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
ဒီလိုမျိုး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ချိန်မှာ အာတီတာက “ဒီဖြစ်ရပ်နှစ်ခုအတွက် ကျွန်တော့်ဆီမှာ ကြီးမားတဲ့ အမြင်နှစ်ခုရှိပါတယ်။ ရှင်းလင်းပြတ်သားတဲ့ကိစ္စတွေပါ ဒါတွေက” လို့ ပြောကြားခဲ့ပါတယ်။
သတင်းထောက်ကတော့ အာတီတာအနေနဲ့ ဒီဆုံးဖြတ်ချက်တွေက မှန်ကန်တယ်လို့ ပြောချင်တာလား ဒါမှမဟုတ် မှားယွင်းတယ်လို့ ယူဆနေတာလားလို့ ထပ်မံမေးခွန်းထုတ်ခဲ့ရပါတယ်။ အာတီတာကတော့ “ရှင်းလင်းပြီး တိကျတဲ့အရာတွေပါပဲ။ ကျွန်တော် ပြောချင်တဲ့ အဓိပ္ပာယ်က ဒါပဲရှိပါတယ်။ ဒါ ကျွန်တော့်အမြင်ပါ”
“အခုချိန်မှာ ကျွန်တော် ပြောနိုင်တာ ဒါပဲရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ မနေ့က ရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရပြီး လီဗာပူးက အာဆင်နယ်ထက် တစ်မှတ်အသာရရှိကာ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ထားလျက်ရှိပါတယ်။