မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်က ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်လူကက်စ်မဲရိုးထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ မူဝါဒတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ သူ့ကစားသမားဟာ မျှမျှတတကစားခဲ့ပေမယ့်လည်း အနီကတ်ပြသခံခဲ့ရမှုက မဖြစ်သင့်ဘူးလို့ တန်ဟက်ဂျ်က ယူဆနေပြီး ဘရာဇီးလ်ကွင်းလယ်လူဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ကက်စ်မဲရိုးဟာ ဆောက်သမ်တန်ကစားသမား ကားလိုစ်အယ်လ်ကာရက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်မှုမှာ ဘောလုံးအရင်ထိပြီးမှသာ ခြေထောက်ကို သွားထိခဲ့တာဖြစ်ပါတယ်။ ဒီပြစ်ဒဏ်အတွက် တန်ဟက်ဂျ်က တော်တော်လေးဒေါသထွက်နေပြီး တည်ငြိမ်အားကောင်းတဲ့ မူဝါဒမျိုးကိုသာ အလိုရှိတယ်လို့ ပြောဆိုခဲ့ကာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။
"ဒိုင်လူကြီးက ဒီရာသီမှာ ပရီးမီးယားလိဂ်ကို မူဝါဒတခုကိုင်ဆွဲပြီးတော့ ရောက်လာတယ်၊ ကက်စ်မဲရိုးက ဥရောပမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပြီး ဘယ်တုန်းကမှ အနီကတ်ဆက်တိုက်အပြခံခဲ့ရတာမျိုးမရှိခဲ့ဘူး၊ အခုတော့ သူ အနီကတ် ၂ကြိမ်ရသွားပြီ၊ သူကစားတာက ကြမ်းတယ်ဆိုပေမယ့် မျှတမှုရှိပါတယ်၊ ဘောင်ထဲမှာ ကန့်သတ်ထိန်းချုပ်ခံရတာက ကြည့်ရဆိုပါတယ်"
"ဒါပေမယ့် ဘောလုံးအကြောင်းတခုခုသိတဲ့သူတိုင်းက ဘယ်အရာကကောင်းလဲ၊ ဘယ်အရာက တရားမျှတလဲဆိုတာကို နားလည်ကြပါတယ်၊ ကက်စ်မဲရိုးက အရမ်းကို Fair ဖြစ်တဲ့ ကစားသမားလို့ ကျနော်ပြောပါရစေ၊ အဝတ်လဲခန်းထဲမှာလည်း သူစကားအများကြီးမပြောခဲ့ဘူး၊ သူ စိတ်ပျက်နေတယ်၊" လို့ တန်ဟက်က ဆိုပါတယ်။
ယူနိုက်တက်တို့ ပင်နယ်တီရရှိမယ့်အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ တန်ဟက်ဂျ်က "တသမတ်တည်းမဟုတ်တဲ့အတွက် မူဝါဒတွေက ဘယ်လိုလဲဆိုတာကို ကစားသမားတွေက ရှင်းရှင်းလင်းလင်းမသိတော့ပါဘူး၊ ဒါက အရမ်းသိသာထင်ရှားတဲ့ လက်ထိဘောပါ၊ ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်က ပွဲကို စိုးမိုးသွားခဲ့ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။