ယူနိုက်တက်ကွင်းလယ်လူသစ် ကက်စ်မဲရိုးဟာ ပွဲတပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့နေရာမှာ ပြိုင်ဘက်အသင်းရဲ့ ကစားဟန်၊ သူနဲ့ အဓိကရင်ဆိုင်ရမယ့် ကစားသမားတို့အပြင် ဒီပွဲကိုကိုင်တွယ်မယ့် ဒိုင်လူကြီးရဲ့ အနေအထားကိုပါ လေ့လာတတ်တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ကက်စ်မဲရိုးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၊ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ အန်ဂျိုစ်က ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ကက်စ်မဲရိုးဟာ မနက်ဖြန်ညမှာ ကစားမယ့် ဆောက်သမ်တန်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲကို ကစားပေးဖို့ရှိနေပါတယ်။ ဒီပွဲကိုတော့ ကွင်းလယ်ဒိုင် အန်ဒီမက်ဒ်လေက ကိုင်တွယ်သွားမှာဖြစ်ပြီး အန်ဂျိုစ်ရဲ့ ပြောစကားအရတော့ ကက်စ်မဲရိုးတယောက် အဆိုပါ ပရီးမီးယားလိဂ်ဒိုင်အကြောင်းကို လေ့လာပြီးဖြစ်လောက်ပါတယ်။
အန်ဂျိုစ်က “ကက်စ်မဲရိုးကစားနေတဲ့နေရာက ဒိုင်လူကြီးတွေနဲ့ စကားအများကြီးပြောရတဲ့နေရာပါ။ နောက်ပြီး အဝါကတ်အများဆုံး ပြသခံရလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီတော့ သူ့အနေနဲ့ ဒိုင်လူကြီးကို ဘာပြောရမလဲဆိုတာကို နားလည်ထားဖို့ အရေးကြီးပြီး လိုအပ်လာရင် စောဒကတက်ဖို့၊ ပေါက်ကွဲဖို့အတွက် လိုအပ်ပါတယ်”
“အချို့အခြေအနေတွေမှာ ကက်စ်မဲရိုးရဲ့ ပွဲကြိုပြင်ဆင်မှုတွေက အကူအညီဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ပွဲမကစားခင် တရက်အလိုမှာ သူနဲ့ရင်ဆိုင်ရမယ့် ဒိုင်လူကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အသင်းတာဝန်ရှိသူတွေထံက တောင်းဆိုလေ့ရှိတယ်လို့ သိရှိရပါတယ်။
ကက်စ်မဲရိုးဟာ သာမန်အားဖြင့် ကစားပုံကြမ်းတမ်းတဲ့ ကစားသမားတယောက်ဖြစ်ပြီး ကွင်းလယ်အဖျက်နေရာမှာလည်း ကစားတာကြောင့် လိုအပ်လာရင် အဝါကတ်အပြသခံပြီး ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားရတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘောလုံးဖျက်ထုတ်နိုင်စွမ်းကလည်း အထင်ကြီးလေးစားစရာဖြစ်ပြီး လက်ရှိဥရောပမှာ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတယောက်အဖြစ် သတ်မှတ်ရမယ့် ကစားသမားမျိုးလည်းဖြစ်ပါတယ်။