အပြောင်းအရွှေ့မှာ ယူနိုက်တက်တို့ ဒိုင်လျှိုလေးလှုပ်ရှားမှုတွေရှိနေတယ်လို့ talkSPORT ရဲ့ သတင်းထောက် အဲလက်စ်ခရော့ခ်ကပြောပါတယ်။ ဒါဟာ ယူနိုက်တက်အနေနဲ့ အရင်အပြောင်းအရွှေ့တွေမှာ နာမည်အကြီးအကျယ်ထွက်လွန်းပြီး ကစားသမားခေါ်ယူရခက်တာမျိုးတွေကြောင့် အခုလိုပဲ တန်ဟက်ခ်နဲ့အတူ အစီအစဥ်ပြောင်းပြီး လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်က ကစားသမားတယောက်ကိုခေါ်မယ်လို့ သတင်းထွက်လာပြီဆိုတာနဲ့ သတင်းတွေက လိုအပ်တာထက် ပိုမိုကျယ်လောင်လေ့ရှိပြီး တဖက်အသင်းကလည်း ပြောင်းရွှေ့ကြေးကို တင်းခံထားလေ့ရှိပါတယ်။ ဒါမျိုးက ယူနိုက်တက်တို့ အပြောင်းအရွှေ့စျေးကွက်ရောက်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းရဲ့အပြောင်းအရွှေ့ဗျူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားတာပါ။
လက်ရှိအချိန်မှာ ယူနိုက်တက်က ဖရန်ကီဒီဂျောင်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီ၊ အဲရစ်ဆင်တို့နဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေအပြင် အချို့အတွင်းသတင်းထောက်တွေပါ မသိနိုင်သေးတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ယူနိုက်တက်တို့ ပြုလုပ်နေတယ်လို့ ခရော့ခ်က ပြောပါတယ်။ “ရိုးရိုးသားသားပြောရရင် ယူနိုက်တက်ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေက ပိုပြီးလျှို့ဝှက်လွန်းလာပါတယ်”
“ပုံမှန်ထက်ချိတ်ဆက်မှုတွေက မဆိုသလောက်လေးများနေပေမယ့် တိကျသေချာတဲ့ နောက်ဆုံးအခြေအနေကို ဘယ်သူမှမသိနိုင်ဘူးဖြစ်လာပါတယ်။ ယုံကြည်ရပါတယ်ဆိုတဲ့ဂျာနယ်လစ်တွေတောင်မှ ယူနိုက်တက်နဲ့ပတ်သက်လာရင် အသေးအဖွဲလောက်ပဲ သိခွင့်ရပါတော့တယ်။ ယူနိုက်တက်ရဲ့ ဒီနည်းဗျူဟာ အောင်မြင်မှုရှိ၊ မရှိဆိုတာ အချိန်ကစကားပြောသွားမှာပါ” လို့ ခရော့ခ်က သုံးသပ်ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ယူနိုက်တက်က ဖီယင်နုဘယ်နောက်ခံလူ မာလာစီယာကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖရန်ကီဒီဂျောင်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အဲရစ်ဆင်တို့နဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ခရော့ခ်ပြောသလို ယူနိုက်တက်တို့ လျှို့ဝှက်အပြောင်းအရွှေ့လှုပ်ရှားမှုတွေရှိနေဦးမလား၊ ဘယ်ကစားသမားတွေဖြစ်နိုင်မလဲကတော့ စောင့်ကြည့်ရမှာပါ။