မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ နောက်ဆုံးမိနစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက စတုတ္ထဒိုင် အန်သိုနီတေလာကို လှောင်ပြောင် ရိသဲ့ခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့တာပါ။
ပွဲပြီးခါနီးမှာ ဂရီလစ်ရှ် တစ်ယောက်တည်း လွတ်ထွက်သွားခဲ့ပြီး ဟာလန်းဆီ ဘောလုံးပေးရုံသာ ကျန်ချိန်မှာ ကွင်းလယ်ဒိုင်က ခရာမှုတ်ပြီး မန်စီးတီးကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့တာပါ။ အစောပိုင်းမှာကတည်းက ကွင်းလယ်ဒိုင်က မန်စီးတီးကို Advantage ပေးပြီး ပွဲကို ဆက်ကစားဖို့ အချက်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နားမလည်နိုင်စွာနဲ့ပဲ မန်စီးတီး အခွင့်အရေးကောင်းကို ရမယ့်အချိန်မှ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့ပြီး မန်စီးတီးပရိသတ်တွေ၊ ကစားသမားတွေက အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဂွါဒီယိုလာက ဒိုင်တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ဂွါဒီယိုလာက “ဒိုင်လူကြီးလောကရဲ့ အမိန့်ပေးတဲ့နေရာမှာ ဆရာတစ်ပါးဖြစ်တဲ့ အန်သိုနီတေလာက ကျွန်တော့်ကို ဒါနဲ့ပတ်သက်လို့ ဘာမှကို မပြောခဲ့ပါဘူး။ တခြားမေးခွန်းကို သွားကြရအောင်ပါ။ ကျွန်တော် အာတီတာပေးတဲ့မှတ်ချက်လိုမျိုး ပေးနေမှာ မဟုတ်ပါဘူး။ ဖြစ်ရပ်ကို ပြန်ကြည့်တဲ့အခါ တော်တော်ခက်ခဲပါတယ်”
“ပွဲကို ဆက်ကစားဖို့ ပြောပြီးမှ ဒိုင်လူကြီးက ခရာမှုတ်လိုက်တာပါ။ ဘောလုံးလည်း ပေးပြီးရော ဝီစီမှုတ်လိုက်ပါတယ်။ ဒီတော့ ဒီဖြစ်ရပ်ကို ကျွန်တော် နားမလည်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် သရေကျခဲ့ရပြီဖြစ်ပါတယ်။