မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဲရစ်ခ်တန်ဟက်ဂျ်ကတော့ ဒီနေ့ည ကစားရမယ့် ဂါလာတာစာရေးနဲ့ပွဲကို ခေါင်းအေအေးထားကစားဖို့ သူ့ရဲ့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးပါနေတဲ့ပွဲဖြစ်ပြီး အနိုင်ရထားမှသာ နောက်တဆင့်ကို တက်နိုင်မယ့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်လို့ ဗိုလ်လုပွဲသဖွယ် ကစားရမှာလည်းဖြစ်ပါတယ်။
ဒီအုပ်စုမှာ ဘိုင်ယန်မြူးနစ်က နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကျန်တနေရာအတွက် အသင်း ၃သင်းက အပြိုင်ဖြစ်နေတာပါ။ ယူနိုက်တက်ဟာ ရမှတ် ၃ မှတ်တည်းနဲ့ အုပ်စုနောက်ဆုံးကို ရောက်နေပြီး ယူရိုပါလိဂ်ဝင်ခွင့်နေရာအတွက်တောင် မသေချာသေးပါဘူး။ ဒီပွဲကို သူတို့အနိုင်ရမှသာ အခြေအနေကောင်းမှာဖြစ်ပြီး ပထမအကျော့က အိမ်ကွင်းမှာ အရေးနိမ့်ခဲ့မှုအတွကလည်း လက်စားချေရမယ့် ပွဲဖြစ်ပါတယ်။
တန်ဟက်ဂျ်က "ခေါင်းထဲမှာ တည်ငြိမ်နေဖို့အတွက် ကြိုးစားရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုလည်း ထိန်းချုပ်နိုင်ရပါလိမ့်မယ်၊ ပြိုင်ဘက်ကို ဘာဆိုဘာမှမပေးလိုက်ပါနဲ့၊ ဒိုင်လူကြီးတွေကိုလည်း သူတို့လုပ်နိုင်တဲ့အခိုက်အတန့်တွေဖြစ်သွားအောင် မပေးပါနဲ့၊ အဲလိုဖြစ်နိုင်မယ့်အရာတွေကနေ ဝေးဝေးမှာ နေရပါလိမ့်မယ်"
"ဒီပွဲကို ကိုယ့်ရဲ့ပွဲဖြစ်အောင်လုပ်ရမှာပါ၊ ပြိုင်ဘက်ကစားပုံက အရေးမကြီးပါဘူး၊ ကိုယ်က ဘယ်လိုကစားမလဲဆိုတာပဲ အရေးကြီးပါတယ်၊ ကျနော်တို့ အစီအစဉ်ကောင်းတခုလုပ်မယ်၊ ကစားသမားတွေက ဒါကိုတာဝန်ယူပြီးတောာ့ ဆောင်ရွက်ရမှာပါ" လို့ ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေမှာ ပင်နယ်တီတွေ ခဏခဏပေးနေရတာကို တန်ဟက်ဂျ်က ရည်ရွယ်ပြီး ဒိုင်တွေ ဆုံးဖြတ်ချက်ချနိုင်မယ့် အရာတွေမလုပ်ဖို့ကိုပါ သတိပေးသွားခဲ့တာပါ။
ဒီပွဲကို သရေကစားနိုင်မယ်ဆိုရင်တောင်မှ ယူနိုက်တက်ဟာ အခြေအနေကောင်းမှာမဟုတ်ဘဲ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်ကို ရင်ဆိုင်ရမှာမို့ သူတို့အတွက် ခက်ခဲမှုတွေက ရှိနေဦးမှာပါ။ အနိုင်ရဖို့ကို မဖြစ်မနေလိုအပ်နေတာလည်းဖြစ်ပါတယ်။