လီဗာပူးလ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာက ဒိုင်လူကြီးတွေ ဘက်လိုက်ခဲ့တယ်လို့ ယူဆရတဲ့ ပုံစံမျိုးကို ပြောဆိုသွားခဲ့ပါတယ်။ ၁-၀ နဲ့ လီဗာပူးလ်က အနိုင်ရရှိခဲ့ရာမှာ ဆာလာက အနိုင်ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးကတော့ ဖိုဒန်ရဲ့ သွင်းဂိုးတဂိုးရခဲ့ပေမယ့် ဒီဂိုးအတွက် အစပြုခဲ့ချိန်မှာ ဟာလန်းက ဖာဘင်ဟိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်ဖျက်သွားခဲ့ပါတယ်။
"အဲဒါက အန်ဖီးလ်ကွင်းလေ၊ ဒီမှာ လာကစားတိုင်း နောက်ဆုံးကျ ကံမကောင်းတာက အန်ဖီးလ်ပါပဲ၊ အရမ်းကောင်းတဲ့ ပွဲတပွဲကို ကျနော်တို့ ကစားခဲ့တယ်၊ ဒါပေမယ့်လည်း အမှားတွေအတွက် အပြစ်ပေးခံလိုက်ရပါတယ်၊ ကျနော်တို့ အမှားတွေလုပ်ခဲ့မိပြီး အရေးနိမ့်ခဲ့ရပါတယ်၊ လီဗာပူးလ်ကို အနိုင်ရဖို့အတွက် ကစားခဲ့တာပါ၊ အနိုင်ရအောင်လည်း ကစားနိုင်ခဲ့ပါတယ်၊ ၁-၀ ဖြစ်ချိန်မှာ သူတို့ပရိသတ်တွေ အားပေးမှုက ဆူညံနေခဲ့ပေမယ့် ကွင်းထဲမှာ ကျနော်တို့က ပိုအော်ဟစ်ခဲ့တာပါ"
" ပြစ်ဒဏ်ဘောတွေကျူးလွန်ခံရတာက သန်းနဲ့ချီကိုရှိတယ်၊ အဲဒါကိုတော့ ကွင်းလယ်ဒိုင်က ဆက်ကစား၊ ဆက်ကစားဆိုပြီးတော့ပဲ ပြောနေတယ်၊ ကျနော်တို့ တဂိုးသွင်းနိုင်ခဲ့တော့ သူတို့က ခွင့်မပြုခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ဂိုးသွင်းခဲ့လို့ပါ၊ အမှားတခုကြောင့် ကျနော်တို့ရှုံးခဲ့တယ်၊ ဒါပေမယ့် ဒါက အန်ဖီးလ်ပါ၊ ပရိသတ်တွေက အကြွေစေ့နဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့ပါတယ်၊ ကျနော့်ကိုတော့ မထိခဲ့ပါဘူး၊ နောက်တကြိမ်တော့ သူတို့ ပိုကောင်းအောင် ပစ်နိုင်မယ်ထင်ပါတယ်" လို့ ဂွာဒီယိုလာက ပြောသွားခဲ့ပါတယ်။
မန်စီးတီးကတော့ ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီလည်းဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ ဖိအားတွေအောက်ကနေ ကစားခဲ့ရပေမယ့် မန်စီးတီးကို အနိုင်ယူနိုင်ခဲ့လို့ ကလော့ပ်တယောက် အသက်ရှူချောင်ခဲ့ပြီဖြစ်ပါတယ်။