ဖာရန်တောရက်စ်အတွက် ဘာစီလိုနာတို့ ဘဏ်ကနေပါ ငွေချေးယူခဲ့တာပါ။

ဘာစီလိုနာဟာ မန်စီးတီးရဲ့ တောင်ပံတိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကိုခေါ်ယူဖို့အတွက် ဘဏ်ကနေပါ ငွေချေးယူခဲ့ပြီး လက်ရှိအချိန်မှာ ဖာရန်တောရက်စ်အတွက် မန်စီးတီးတောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အဆင်သင့်ရှိနေခဲ့ပါပြီ။



ဒီစပိန်လက်ရွေးစင် ကစားသမားဟာ ရာသီအစ မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ ခြေစွမ်းပြပါဝင်နိုင်ခဲ့ပေမယ့် စပိန်နဲ့အတူ နေးရှင်းလိဂ်ပွဲကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်ထိ အနားယူနေခဲ့ရတာပါ။ ဘာစီလိုနာဟာ ဒီပိုင်း၊ ဘရိတ်ဝိတ်တို့အပါအဝင် အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာနေတဲ့အပြင် အဂွေရိုကလည်း နှလုံးရောဂါနဲ့ အနားယူသွားတာကြောင့် အကျပ်ရိုက်နေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဖာရန်တောရက်စ်ကို အရခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ဒမ်ဘီလီကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။ မန်စီးတီးက ငွေသားသပ်သပ် အလိုရှိနေတာဖြစ်ပြီး ဘာစီလိုနာကတော့ ဘဏ္ဍာရေးအခက်အခဲကြောင့် မန်စီးတီးတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ ခက်ခဲနေတာပါ။

ဒါပေမယ့် အခုချိန်မှာတော့ ဘာစီလိုနာတို့ ဘဏ်ကနေ ပိုက်ဆံချေးယူခဲ့ပြီး ဖာရန်တောရက်စ်အတွက် ပြောင်းရွှေ့ကြေးပေးချေဖို့ ပြင်ဆင်နေပါတယ်။ တဖက်မှာလည်း ဘာစီလိုနာအနေနဲ့ ဖာရန်တောရက်စ်ကို မခေါ်ခင် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချဖို့ လိုအပ်ပါသေးတယ်။

ဘာစီလိုနာဟာ လာလီဂါက သတ်မှတ်ထားတဲ့ လစာငွေစည်းမျဥ်းကို ကျော်လွန်သွားမှာကြောင့် ဒီအရာကိုလည်း မဖြစ်မနေ ပြင်ဆင်ရဦးမှာပါ။ ဘာစီလိုနာအနေနဲ့ ဖာရန်တောရက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) ပေးချေမှာဖြစ်ပြီး ခရစ္စမတ်ကာလအတွင်း ဒီအပြောင်းအရွှေ့ကို တရားဝင်အပြီးသတ်ဖို့ ကြိုးစားပါလိမ့်မယ်။

ဘာစီလိုနာဟာ ဖာရန်တောရက်စ်အပြင် ကာဗာနီ၊ မာတာ၊ ဂရင်းဝုဒ်တို့လို မန်ချက်စတာအခြေစိုက် ယူနိုက်တက် ကစားသမားတွေကိုလည်း ပစ်မှတ်ထားနေပြီး ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင်တော့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက အခုထက် ပိုမိုတောင့်တင်းဖို့ လိုအပ်နေပါတယ်။ 

Share

က္က