ကိုယ့်အသင်းကစားသမားကို ကိုယ်ပြန်ခေါ်နိုင်ဖို့ပဲ အားထုတ်ရတော့မှာပါ။

ဘာစီလိုနာနဲ့ အူစမန်ဒမ်ဘီလီတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ကာ နှစ်ဦးနှစ်ဖက်ကြား စာချုပ်သက်တမ်းက ဒီနေ့မှာ ကုန်ဆုံးသွားပြီဖြစ်လို့ ဒမ်ဘီလီက စာချုပ်လက်မဲ့ဖြစ်သွားပြီဖြစ်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။

တရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် ဒမ်ဘီလီရဲ့ အနေအထားက စောင့်ကြည့်ရမှာဖြစ်ပြီး သူ့ကို ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က ချိတ်ဆက်နေတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။  စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်လို့လည်း ဘာကာက ဒမ်ဘီလီကို ကစားသမားသစ်အဖြစ်ပြန်ခေါ်ရမှာဖြစ်ကာ အခြားအသင်းတွေနဲ့အပြိုင် ကိုယ့်ကစားသမားကို ပြန်ခေါ်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာကို ဇာဗီကိုင်တွယ်ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေပြန်လည်ပြသခဲ့တဲ့ ဒမ်ဘီလီဟာ ဘယ်ခြေရော၊ ညာခြေပါ ကျွမ်းကျင်စွာနဲ့ကစားနိုင်သူဖြစ်ပြီး နေမာထက်တောင်မှ ပိုကောင်းတဲ့ကစားသမားလို့ ချီးကျူးခံရဖူးပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ဂန္ထဝင်ကွင်းလယ်လူအင်နီယေစတာကိုယ်တိုင်က ချီးကျူးအသိအမှတ်ပြုဖူးပြီး အရည်အသွေးမြင့်ကစားသမားတဦးလို့ ဆိုနိုင်ပါတယ်။ 

သူ့ရဲ့ကစားသမားဘ၀မှာ ဒဏ်ရာပြသနာတွေသာမနှိပ်စက်ခဲ့ဘူးဆိုရင် ကမ္ဘာ့အဆင့်ကစားသမားဘ၀ကို အချိန်တိုအတွင်းရောက်ရှိဖို့ အလားအလာကောင်းတွေလည်းရှိနေခဲ့တာပါ။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်သူလည်းဖြစ်ပြီး အခုချိန်မှာတော့ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့က နီးစပ်နေတာကြောင့် ထိပ်သီးအသင်းတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဘာစီလိုနာဘက်က ကြိုးစားခဲ့ပေမယ့် အချိန်နှောင်းနေခဲ့ပြီဖြစ်ပါတယ်။ ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့ ဘာစီလိုနာက ကစားသမားတချို့ကိုတောင်မှ စာရင်းသွင်းနိုင်ခြင်းမရှိသေးဘဲ တကယ်လို့ ဒမ်ဘီလီနဲ့ သဘောတူညီခဲ့ရင်တောင်မှ ကစားသမားသစ်တဦးအနေနဲ့ ပြန်လည်ပြီးစာချုပ်ချုပ်ရမှာဖြစ်ကာ စာရင်းပြန်သွင်းရမှာမို့ အရမ်းခက်ခဲသွားပြီလို့ စပိန်သတင်းစာ SPORT ကလည်း ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က