မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ ဒမ်ဘီလီရဲ့ ဖြစ်ရပ်ကို ပင်နယ်တီပေးသင့်၊ မပေးသင့် အငြင်းပွားနေကြပါတယ်။ ဒီပွဲမှာ ဟမ်းမဲလ်က ဒမ်ဘီလီကို ပင်နယ်တီဧရိယာအစပ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။
အစပိုင်းမှာတော့ ကွင်းလယ်ဒိုင်က ဒီဖြစ်ရပ်ကို ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။ ဒမ်ဘီလီက ဟမ်းမဲလ်ကို ကျော်ထွက်ဖို့ ကြိုးစားချိန်မှာ ဟမ်းမဲလ်က ဒမ်ဘီလီရဲ့ခြေထောက်ကို ချိတ်မိခဲ့တာပါ။
ရုတ်တရက်ကြည့်ရင်တော့ ဒီဖြစ်ရပ်က ပင်နယ်တီဧရိယာအတွင်း ဝင်သွားပြီလို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ စည်းထိပ်မှာသာ ဖြစ်ခဲ့တာပါ။ ဖာဒီနန်ကတော့ ဒီဖြစ်ရပ်ကို ပင်နယ်တီပေးသင့်တယ်လို့ ယူဆနေပါတယ်။
ဖာဒီနန်က “ဒါ ပင်နယ်တီလေဗျာ။ ဒမ်ဘီလီရဲ့ ခြေချောင်းတွေက စည်းပေါ် ရောက်နေပြီလေ။ ဒါက ပင်နယ်တီပေါ့။ ဟမ်းမဲလ်နဲ့ထိသွားတဲ့ ဘယ်ဘက်ခြေထောက်က ပင်နယ်တီဧရိယာပေါ်မှာပါ။ လုပ်စမ်းပါ ကိုယ့်လူ။ ဒီအတွက် VAR ထားထားတာ” လို့ ပွဲကြည့်ရင်း သုံးသပ်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ရော၊ VAR ရောက ဒီဖြစ်ရပ်ကို ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့ဘဲ ပရိသတ်တွေကလည်း ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆိုနေကြပါတယ်။ ပီအက်စ်ဂျီဟာ ဒီဖြစ်ရပ်မှာ ပင်နယ်တီမရခဲ့သလို ဒေါ့မွန်ကိုလည်း နှစ်ကျော့စလုံးရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။