ချဲလ်ဆီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

မနေ့ညက ချဲလ်ဆီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သေးကြောင်း၊ ကစားသမားတွေအနေနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။



အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်တို့ ပထမပိုင်းမှာတင် အိုဒီဂတ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဂျေးဆုရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုးတစ်ဂိုး ပေးခဲ့ရတာကြောင့် ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။



ဒါပေမယ့် အာဆင်နယ်အနေနဲ့ ဒုတိယနေရာက မန်စီးတီးထက် (၂) ပွဲ ပိုကစား၊ ရမှတ် (၂) မှတ်သာ အသာရရှိထားပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးသာ လက်ကျန်ပွဲတွေကို အနိုင်ကစားနိုင်ခဲ့ရင် အမှတ်ပေးဇယား ဦးဆောင်ခွင့် ပြန်လည်လွှဲပေးရမှာဖြစ်ပါတယ်။



အာတီတာကတော့ “ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကျွန်တော်တို့ အခွင့်အရေးရှိချင်တယ်ဆိုရင် ဒီနေ့ပွဲကို အနိုင်ရဖို့ လိုအပ်ခဲ့ပြီး ဒါကို လုပ်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ လက်ထဲမှာ မဟုတ်တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လေးပွဲကစားဖို့ ကျန်သေးပြီး အခု ဇယားထိပ်ဆုံးမှာပါ။ ဒါက ကျွန်တော်တို့ ဒီည ပြောဖြစ်ခဲ့တဲ့ ကိစ္စပါ”

“နယူးကာဆယ်နဲ့ ရင်ဆိုင်ဖို့ နောက်ထပ်ပွဲကျပ်တစ်ပွဲရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ ပြင်ဆင်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံး (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် အခုလိုမျိုး ချန်ပီယံဆုအတွက် မသေချာ မရေရာတဲ့ အနေအထားမျိုးကို ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က