လင်ဂတ်ကို ပေါလ်ပါကားက ဝေဖန်ခဲ့တာပါ။

ယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါကားက အသင်းရဲ့တိုက်စစ်ကစားသမား လင်ဂတ်ကို လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကထွက်သွားသင့်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ဆိုရှယ်မီဒီယာမှာ အမြဲလိုလို active ဖြစ်တဲ့ ကစားသမားဖြစ်ပြီး ဒီအတွက်လည်း မကြာခဏ ဝေဖန်ခံနေရပါတယ်။



လက်ရှိအချိန်မှာ နယူးကာဆယ်က လင်ဂတ်အတွက် အငှားစာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် ယူနိုက်တက်ဘက်က တစုံတရာ အကြောင်းမပြန်တာကြောင့် လင်ဂတ်ကိုယ်တိုင်ကလည်း အသင်းအပေါ် စိတ်ပျက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ ပေါလ်ပါကားက လင်ဂတ်နဲ့ ပတ်သက်လို့ ဝေဖန်လာခဲ့တာဖြစ်ပါတယ်။

ပေါလ်ပါကားက “ကျနော့်အထင် ပြောရရင် လင်ဂတ်လည်း အသင်းက ထွက်သွားသင့်ပါတယ်။ သူက အခုဆို အသက် (၃၀) ပြည့်တော့မှာပါ။ ခင်ဗျားက ယူနိုက်တက်မှာ နာမည်ကောင်းတခု မတည်ဆောက်နိုင်ဘဲ ‘မစ္စတာ အင်စတာဂရမ်’ ဆိုတဲ့ နာမည်ပဲရှိပါတယ်”

“သူ့အနေနဲ့ အသင်းကထွက်သွားသင့်ပြီး ဘောလုံးကစားချင်စိတ်ရှိတယ်ဆိုတာကိုလည်း သက်သေပြသင့်ပါတယ်။ ယူနိုက်တက်က သူ့အတွက် မလိုအပ်ပါဘူး။ ဓာတ်ပုံရိုက်နေတာတွေကို အခုချက်ချင်းရပ်ပြီး ဘောလုံးသမားတယောက်ဖြစ်အောင် လုပ်ပါ”

“သူသာ နယူးကာဆယ်ကိုသွားမယ်ဆိုရင် နယူးကာဆယ်အနေနဲ့ လင်ဂတ်ဆီက အများကြီး မျှော်လင့်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လင်ဂတ်က ယူနိုက်တက်က လာတာမို့လို့ပါ။ နယူးကာဆယ်အနေနဲ့လည်း လင်ဂတ်ဆီက အများကြီး တောင်းဆိုရမှာပါ။ ဘာလို့လဲဆိုတော့ လင်ဂတ်က ‘မစ္စတာ ဆိုရှယ်မီဒီယာ’ ဖြစ်နေလို့ပါပဲ”

“လင်ဂတ်သာ နယူးကာဆယ်မှာ ပုံစံကောင်းပြနိုင်ရင် သူက နယူးကာဆယ်ရဲ့ သက်ရှိဂန္တဝင်တောင် ဖြစ်လာနိုင်ပါတယ်။ သူသာ အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်မယ်ဆိုရင် သူ့ဘာသူ အင်စတာဂရမ်ပေါ်မှာ ဘာပဲလုပ်လုပ် နယူးကာဆယ်က လက်ခံပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က